Winkabar

A lot of my thoughts...

တပ်မတော်၏ အနာဂတ်

  • Posted: 8:53:00 AM
  • |
  • Author: Winkabar

ဒီဗီဘီမှာ စစ်ဘက် အရပ်ဘက် သုတေသီ ကိုဝင်းမင်းနှင့် ဆက်သွယ်မေးမြန်းခန်းကို
ကျွန်တော် နားထောင်လိုက်ရပါတယ်။ ကိုဝင်းမင်းက ငိုသံပါကြီးနဲ့ တပ်မတော်ကို တောင်းဆိုသွားတာ၊
တပ်မတော်ကို ကိုယ့်အနာဂတ်ကိုယ် ကြည့်ဖို့ တောင်းပန်သွားတာ ကြားလိုက်ရပါတယ်။
ဒီအင်တာဗျူးကို နားထောင်ပြီး အားလုံးလည်း ကြားသင့်တယ်ထင်တာနဲ့
ကျွန်တော် ကြားသလို ရိုက်ပြီး တင်လိုက်ပါတယ်။
အမှန်ပဲဗျာ၊ ဒီအချိန်မှာ တပ်မတော်ထဲက ဗုဒ္ဓဘာသာ မြန်မာ မျိုးချစ်တပ်မတော်သားတွေ
ကိုယ့်အနာဂတ်ကိုယ် ကြည့်ဖို့ အချိန်ရောက်ပါပြီ။ တပ်မှူးများ၊ ထိပ်ပိုင်းအရာကြီးများလည်း
ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ ဖြစ်ပါတယ်။
It’s time to take side! အခုထက်ထိ တွေဝေနေမယ်ဆိုရင် အနာဂတ်လမ်းဆုံးနေတဲ့
အိုကြီးအိုမ အာဏာရူး လက်တစ်ဆုပ်စာနဲ့ တစ်လမ်းတည်းသွား နေကြရလိမ့်မယ်ဗျာ။
ကိုယ့်လက်အောက်က အရာရှိငယ်များက ပြည်သူ့ဘက်လိုက်ဖို့ ပြင်နေတာကို
ကိုယ်က မသိချင်ယောင်ဆောင်ပြီး ထိန်ချန်ထားရုံနဲ့ မလုံလောက်ဘူးဆိုတာလည်း
သမိုင်းသင်ခန်းစာတွေအရ၊ သိသင့်ပါပြီ။ (ဗိုလ်ကြီးအုန်းကျော်မြင့်တို့ တုန်းက ဘယ်လိုဖြစ်ခဲ့သလဲ၊
အာဏာရှင်ဆိုတာ သူတို့အာဏာ ထိပါးလာရင် ဘယ်သူ့ကိုမှ ချမ်းသာ မပေးဘူး။) အဲဒီတော့ အခုအချိန်မှာ
ဘာသာ သာသနာဘက်က ပြတ်ပြတ်သားသား ရပ်ပြီး သာသနာဖျက် သားသတ်သမားတွေကို
အပြီးတိုင် ဆန့်ကျင်ကြပါ။ မဟုတ်ရင်တော့ သမိုင်းတစ်ပတ် ပြန်လည်ပြီး မြန်မာပြည်နဲ့
အထူးသဖြင့် တပ်မတော်ကြီး အနာဂတ် ပျောက်ပါလိမ့်မယ်။

ဘလော့ဂါအပေါင်းတို့ ဒီ မေးမြန်းခန်းကို အသံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖြန့်နိုင်သမျှ
တပ်ထဲကို ဖြန့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။ အသံပါ လိုချင်ရင် ဒီဗီဘီရဲ့ ဒီလင့်ခ် ကနေ ယူနိုင်ပါတယ်။


(ဒီမိုကရက်တစ် မြန်မာ့အသံမှ မေးမြန်းသူမှာ ကိုတိုးဇော်လတ်)

တိုး။ ။ မင်္ဂလာပါ ကိုဝင်းမင်း၊ ကျွန်တော် တိုးဇော်လတ်ပါ ခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကိုတိုးဇော်လတ်။

တိုး။ ။ ဟုတ်ကဲ့၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်မှာ ဒီ လူထု အုံကြွမှုကို လက်ရှိ၊
ဒီနေ့ဆိုရင်လည်း ဖြစ်နေတာလည်း ကိုးရက်လောက် ရှိပြီ။ ဒီနေ့ဆိုလို့ရှိရင်လည်း
ဒီနေ့ တစ်နာရီက စပြီးတော့ အကြီးအကျယ် တနိုင်လုံးနီးပါး စတင် ချီတက်ဖို့ ရှိနေတယ်။
အဲဒီအပေါ်မှာ စစ်တပ်ရဲ့ အနေအထားက ဘယ်လိုများ ရှိနိုင်ပါလဲခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ အထူးသဖြင့်တော့ ဒီဆန္ဒပြ လှုပ်ရှားမှုတွေကိုပေါ့နော် အကြမ်းဖက်ပြီးတော့
ရိုက်တာ နှက်တာတွေ၊ လူမဆန်စွာဘဲပေါ့နော် ဟုတ်လား၊ ဗုဒ္ဓဘာသာ ကျောင်းတွေနော်၊
ဘုန်းကြီးကျောင်းတွေကို ၀င်ပြီးတော့၊ အတင်းလာဝင်၊ ဘယ်သူက ခေါင်းဆောင်မှန်းမသိတော့
စွတ်ဖမ်းတာတွေနော်၊ လမ်းမပေါ်မှာ ရိုက်တာနှက်တာတွေ၊ အဲလိုမျိုး ဘယ်လောက်ပဲ
အကြမ်းဖက်ပြီး လုပ်နေလုပ်နေပေါ့နော်၊ အခုဟာက လူထု လှုပ်ရှားမှုက တစုံတရာ
ဆက်လက်ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီအခါကျတော့ ဒီနေ့မှာလည်း ဖြစ်နိုင်ဖို့
အလားအလာကတော့ ကျွန်တော့်အမြင်က လူထုလှုပ်ရှားမှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့
စစ်တပ်ကလည်း ခန့်မှန်းထားပုံ ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့
အထူးသဖြင့် ဒီ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ပေါ့နော်၊
မစ္စတာ ဂန်ဘာရီက ဒီနေ့မှာ ရောက်လာဖို့ ရှိပါတယ်။ အဲဒီအခါကျတော့ စစ်တပ်ဘက်က ဖြစ်နိုင်တာက
အခုလို နိုင်ငံတကာက ခေါင်းဆောင်ကြီးတစ်ယောက် လာနေတဲ့အချိန်မှာ၊ ဟုတ်လား၊
ရက်ရက်စက်စက် လုပ်တယ် ဆိုတဲ့ပုံတွေကို သူက မြင်စေချင်မှာ မဟုတ်ပါဘူး။
အဲဒီအခါကျတော့ စစ်တပ်တွေကို ပေးနိုင်တဲ့အမိန့်က အတတ်နိုင်ဆုံးပေါ့နော်
သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်လာလို့ရှိရင် ဒီ ဆန္ဒပြပွဲတွေကို အရမ်းမပစ်ဖို့ သူတို့ အမိန့်ပေးမှာ ဖြစ်ပါတယ်။
ပစ်ရင်တောင်မှ အဲဒီ ခေါင်းပေါ်ကို ရှပ်ပစ်ပြီးတော့ ခေါင်းကို အတည့်မပစ်ဖို့နော် ဟိုနေ့ကလိုမျိုး ဟုတ်လား၊
အထူးသဖြင့်တော့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှာ လုပ်သွားသလိုပေါ့နော်၊
စနိုက်ပါ [အဝေးပစ် လက်ဖြောင့်တပ်သား] တွေသုံးပြီး မပစ်ဖို့ သူတို့ အမိန့်ပေးထားဖို့ တော်တော် များပါတယ်။

တိုး။ ။ ဟုတ်ကဲ့ နောက်တစ်ခုကလည်းပဲ မနေ့ကဆိုရင် စစ်တပ်တွေထဲမှာ အကွဲအပြဲ ဆိုတဲ့
သတင်းတွေ အများကြီး ထွက်လာပါတယ်။ ဥပမာ တပ်မ ၃၃ နဲ့ ၉၉ နဲ့ မန္တလေး ဘက်မှာ ကွဲတယ်၊
အဲလိုပဲ ရန်ကုန် မြောက်ဥက္ကလာမှာ တချို့နေရာတွေမှာ စစ်သားတွေက ပြည်သူနဲ့ ပေါင်းပြီးတော့
တခြားစစ်တပ်ကို ပြန်ပစ်တယ်။ နောက်၊ နောက်ဆုံးသတင်း အနေနဲ့ကတော့ စစ်တပ်ခေါင်းဆောင်ပိုင်း
ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့၊ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ အကွဲအပြဲ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး တွေ သတင်းထွက်နေပါတယ်၊ အဲဒါတွေနဲ့ ပတ်သက်လို့ရော နည်းနည်းပါးပါး ရှင်းပြပါဦးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့ ဒီ ကြပ်ပြေးမှာတော့ တော်တော်လေးကိုပဲပေါ့နော် အမိန့်စီးဆင်းမှုတွေကော၊ ဟုတ်လား၊
ခုနက တပ်တွေရဲ့ တုံ့ပြန်မှုတွေကော ကတော့ ထူးထူးခြားခြား ပြောင်းလဲနေတာကို တွေ့ရပါတယ်။
အဲ ကြည့်ရတာတော့ ဒီ တပ်မမှူးတွေ၊ တခါ တိုင်းမှူးတွေ အားလုံးက အထက်ကလာတဲ့ အမိန့်ကို
ဟို အဲဒီ အမိန့်အတိုင်း တိုက်ရိုက် တသွေမတိမ်း ရက်ရက်စက်စက် လုပ်တာ ရှိသလို မလုပ်တာ ရှိတာကို တွေ့နေရပါတယ်။
အဲ အထူးသဖြင့် ဆိုလို့ရှိရင် တော့ ဒီ ရန်ကုန်မှာ ခုနက ရက်ရက်စက်စက် ဖြစ်သွားပေမယ့်လည်း မန္တလေးမှာက ဒီ ကြာသပတေးနေ့အထိ ပေါ့နော် ရက်ရက်စက်စက် မဖြစ်သေးဘူး။ ဟုတ်လား၊ ကချင်ပြည်နယ်မှာ၊
အထူးသဖြင့် ဒီ မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ပေါ့နော်၊ ရက်ရက်စက်စက် ဟုတ်လား
ဒီ ဗိုလ်ချုပ်အုန်းမြင့်က နေပြီးတော့ လုပ်ပေမယ့်လည်း တခြားတိုင်းတွေမှာ အဲလိုမျိုး ဗိုလ်ချုပ်အုန်းမြင့် လုပ်သလိုမျိုး
ရက်ရက်စက်စက် ဟုတ်လား၊ ဘုန်းကြီးကျောင်းတွေ ၀င်ပြီးတော့ အဲ နှိမ်နင်းတာတွေ မရှိသေးဘူး လို့ ကြားရတဲ့ အခါကျတော့ တချို့တိုင်းမှူးတွေအနေနဲ့ ကျွန်တော်ထင်တယ်၊ အဲ… ကျွန်တော်ကြားထားတဲ့ သတင်းတွေအရလည်း ဆိုလို့ရှိရင်ပေါ့နော် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဒီ တိုင်းမှူး တပ်မမှူးတွေက မပစ်ချင်ကြဘူးလို့ ကြားပါတယ်။
သူတို့ရဲ့ မိတ်ဆွေတွေကိုလည်း သူတို့က ရှင်းပြကြတယ် ပြောပါတယ်။ သူတို့ရဲ့ နီးစပ်တဲ့
သူငယ်ချင်းတွေ ကိုလည်းပေါ့လေ ဟုတ်လား သူတို့ကတော့ မပစ်ချင်ဘူး ဒါပေမယ့် အထက်က အမိန့်ပေးလာပြီးတော့
ဒီ လူထုထဲကို အရမ်းပစ်ခိုင်းမှာကို သူတို့စိုးရိမ်တယ်၊ အဲ… အဲဒီလိုမျိုး သူတို့ ပြောနေကြတာတွေ ရှိပါတယ်၊
တချို့တိုင်းမှူးတွေ ဆိုလို့ရှိရင် ဘယ်လောက်ထိ ဖွင့်ပြောကြလည်း ဆိုတော့ သူတို့ရဲ့ သူငယ်ချင်းတွေကိုပေါ့နော်
ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေတဆင့် အမိန့်ပေးပေမယ့် ပေါ့နော်။
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေ ပြီးတော့ သူနဲ့ နီးစပ်တဲ့ ဒီ တပ်မမှူးတွေ တပ်ရင်းမှူးတွေ ဆိုလို့ ရှိရင်
သူက လျော့လျော့ပေါ့ပေါ့ လုပ်ဖို့၊ အရမ်း အမိန့်ပေးတဲ့အတိုင်း မလုပ်ဖို့ ပြောနေတယ်လို့ ကြားပါတယ်။
ဒါ ဘာကို ဆိုလိုလည်း ဆိုတော့ ဒါ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့
အမိန့်ကို မလွန်ဆန်နိုင် သော်လည်း ပေါ့နော် မပယ်ဖျက်နိုင်သော်လည်းဘဲ အဲဒီအမိန့်ကို သူမကြိုက်ဘူး၊
လူတွေကို အခုလို ဟုတ်လား တရစပ် ရက်ရက်စက်စက် ပစ်နေ၊ ရိုက်နေ၊ ဖမ်းနေတာကို သူမကြိုက် ဘူးဆိုတာကို
ပြတာ ဖြစ်တဲ့အတွက် အဲ… စစ်တပ်ရဲ့ ထိပ်ပိုင်းမှာ သဘောထားကွဲလွဲမှု ရှိနေတာကတော့ တော်တော်လေး
သေချာသလောက် ရှိပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ အဲဒါနဲ့ နောက်ဆက်တွဲပေါ့နော်၊ မနေ့က ဆိုလို့ရှိရင်၊ ရန်ကုန်ရဲ့ အဲ… စစ်ချုပ်ပေါ့နော်၊
ဗိုလ်မှူးချုပ် လှဌေးဝင်းကို အစောကလိုမျိုး သူ ကိုင်တွယ်တဲ့ ပုံစံကို မကြိုက်လို့ ဖမ်းပြီးတော့
နေပြည်တော်ကို ပို့လိုက်တယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ အဲဒီပေါ်မှာရော ဘာတွေကြားသေးလဲ၊
ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးပါဦးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ကျွန်တော် ဟို အတည်ပြုလို့တော့ မရသေးဘူးပေါ့ဗျာနော်၊ ခုနက ပြောသလိုပဲပေါ့။
ဒီ တိုင်းမှူး ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ခုနက ဗိုလ်ချုပ်လှဌေးဝင်းလို သဘောထားတွေ ရှိနေတာ နီးစပ်တဲ့၊
ဒီ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရှိရတာ ဖြစ်ပါတယ်။ အဲ… အဲဒါတွေကလည်း ခုနက ပြောသလိုပေါ့၊
သူတို့ သူငယ်ချင်းတွေ ကိုယ်တိုင် ပြောပြတာ ဖြစ်တဲ့အတွက် သတင်းက တော်တော်လေး ခိုင်လုံဖို့ များပါတယ်။
အဲဒီထဲမှာက ဗိုလ်ချုပ် လှဌေးဝင်း ဆိုလို့ရှိရင်လည်း အဲဒီလိုမျိုး သဘောထား ရှိတဲ့အထဲမှာ ပါမယ်လို့
ကျွန်တော်တော့ ယူဆမိပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ဗမာစကားမှာတော့ သားသုံးသား ညီရင် တိုင်းပြည်ညီတယ်ပေါ့ဗျာ။
အဲဒါတွေကတော့ ဘုရားသားရယ်၊ ကျောင်းသားရယ်၊ စစ်သားရယ်ပေါ့နော်၊

ဝင်း။ ။ ဟုက်ကဲ့။

တိုး။ ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေနေ အကုန်လုံးမှာ ဒီ သားသုံးသားရော တကယ် ညီသွားနိုင်တဲ့
အခြေအနေတွေ ရှိနေပါလား မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဖြစ်လာနိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့၊ ဒီတစ်ခေါက်က ကျွန်တော်တို့ ဒီမြန်မာနိုင်ငံရဲ့
အထွတ်အထိပ်ထားတဲ့ ပေါ့နော်၊ ဗုဒ္ဓဘာသာ သာသနာတော် ဟုတ်လား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို
အပြတ်ရှင်းဖို့ လုပ်တဲ့အခါကျတော့ ကျွန်တော်ထင်တယ် အဲဒါ လုပ်လို့မရဘူး။ စစ်တပ်ထဲမှာလည်း အားလုံးက
ဒီ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေက များတယ်လေ။ အဲဒီအခါကတော့ အရင် ဒီ ဖြစ်လာတဲ့ လှုပ်ရှားမှုးတွေနဲ့
ဒီတစ်ခေါက်က လုံးလုံး ကွဲပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်၊ ဒီ သံဃာတော်တွေကို ရက်ရက်စက်စက်လုပ်တဲ့ အပေါ်မှာ လုံးဝ စိတ်မကောင်း ဖြစ်မိတယ်၊ ခုနက ဒေါသလည်း အကြီးအကျယ်ထွက်တယ်၊
ယူကျုံးမရလည်း ဖြစ်မိတယ်။ ဖြစ်နိုင်ရှိရင် ဟုတ်လား အထဲမှာ ကျွန်တော်ကိုယ်တိုင် ရှိနေချင်တယ်။ အခု ကျွန်တော် အပြင်မှာ နေရတာတောင် ကျွန်တော် စိတ်မကောင်းဘူး၊ ရှင်းရှင်းပြောရလို့ ရှိရင်တော့လေ။
အဲဒီအခါကျတော့ ဟို စစ်တပ်ထဲမှာ ရှိတဲ့နော်၊ တပ်ဗိုလ် တပ်မှူးအပေါင်းကလည်း ပေါ့နော်
ဒီအပေါ်မှာ တော်တော်လေး ခံပြင်းကြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ ကျွန်တော် ဒီ ဖြစ်နေတဲ့အနေအထားပေါ်မှာ၊ ဟုတ်လား၊ တပ်မတော်အနေနဲ့ ပါလာဖို့ အလားအလာက နော်၊ ခုနက စစ်သား၊ သားသုံးသား ဖြစ်တဲ့ စစ်သား၊ ပါလာဖို့က အလားအလာက ကျွန်တော်ထင်တယ် အရမ်းကိုများနေတာ ဖြစ်ပါတယ်။ မြန်မာ့ သမိုင်း ဒီ ဟိုး လွတ်လပ်ရေးရပြီး ကတည်းကပေါ့နော် ကြည့်မယ်ဆိုလို့ရှိရင် ဘယ်ခေါင်းဆောင်ကမှ အခုလောက်ထိ ဟုတ်လား၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သလိုမျိုး ပေါ့နော်၊ သံဃာတော်တွေကို ဟုတ်လား၊ ဒီ ဘုန်းတော်ကြီး ကျောင်းတွေကို ရက်ရက်စက်စက်
အခုလိုမျိုးပေါ့နော် နှိမ်နင်းဖို့ လုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မတွေ့ခဲ့ဖူးပါဘူး။

တိုး။ ။ ဟုတ်ကဲ့၊ အခု ကိုဝင်းမင်းပြောသလို မြန်မာစစ်တပ်ထဲမှာ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့၊
ထိန်းချင်တဲ့ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့ စစ်သားတွေ ဘယ်လောက်များ ရှိနိုင်မလဲ မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ အများစု ရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ တိုင်းမှူး တပ်မမှူးတွေ အဆင့်မှာ ပေါ့နော်၊
ကျွန်တော် ခုနပြောသလို ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ဟုတ်လား ဗုဒ္ဓဘာသာကိုနော်၊ ဟုတ်လား ကိုယ့်သာသနာ ဖြစ်တယ်၊ အထွတ်အမြတ်ထားရာ ဖြစ်တယ်၊ ဖျက်စီးလိုစိတ် ကျိန်းသေပါတယ်၊ လုံးဝ ရှိမှာ မဟုတ်ပါဘူး။
ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာဆိုတာ ကျွန်တော်တို့နဲ့ နေ့စဉ် ဒူဝ ပတ်သက်နေရတဲ့ ဘာသာ ဖြစ်ပါတယ်။
ဆိုလိုတာက ဟုတ်လား မနက်မိုးလင်းက စပြီး ညမိုးချုပ်အထိ ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းနေကြရတဲ့
ဘာသာဖြစ်တဲ့အပြင် ကျွန်တော်တို့ ဘ၀တွေ ကိုယ်တိုင်မှာလည်း၊ ဒီ တပ်မမှူးတွေ တိုင်းမှူးတွေ ကိုယ်တိုင်မှာလည်း ပေါ့နော်၊ တချိန်သို့မဟုတ် တချိန်က ဟုတ်လား၊ ကိုရင်ဝတ်ခဲ့ကြတယ်၊ ဘုန်းကြီး ၀တ်ခဲ့ကြတယ်။ ဒါတွေ ရှိပါတယ်။
တချို့တွေ ဆိုလို့ရှိရင် ဘုန်ကြီးကျောင်းသားဘ၀နဲ့ နေခဲ့ဖူးတဲ့သူတွေလည်း ရှိမှာပါ။ အဲဒီအခါကျတော့ ဟုတ်လား၊
ဒီ ဗုဒ္ဓဘာသာကို အခုလိုမျိုး ပေါ့နော်၊ ရက်ရက်စက်စက် ဖြိုခွင်းတဲ့သဘောမျိုး ဖြစ်လာတဲ့ အတွက် ကျွန်တော်ထင်တယ်
အခြေအနေဟာ အရမ်းလွန်သွားတဲ့ အတွက် လက်မခံနိုင်တဲ့ တပ်မှူးတွေဟာ အများကြီး ရှိလာမယ့် သဘောမှာ ရှိပါတယ်။ အဲ ဖြစ်လာနိုင်တဲ့ အခြေအနေက ဒီ တပ်မမှူး တိုင်းမှူးတွေ အနေနဲ့ အခုလိုမျိုး အထက်ကပေးတဲ့ အမိန့်အတိုင်း မလုပ်ဘဲနဲ့ လျော့လျော့ပေါ့ပေါ့ လုပ်လာမယ်ဆိုရင်၊ ဒါမှမဟုတ်လို့ရှိရင်လည်း ငြင်းဆန်လာမယ် ဆိုလို့ရှိရင်ပေါ့နော်၊
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့် ပေးနိုင်တဲ့ အာဏာက လျော့ကျသွားတာ ဖြစ်ပါတယ်။ အဲဒီအချိန် ကျလို့ရှိရင်တော့
ခုနက ဟုတ်လား လျှို့ဝှက်ပြီးတော့ လျော့လျော့ ပေါ့ပေါ့ လုပ်နေတဲ့ တိုင်းမှူး၊ တပ်မမှူးတွေက အပြင်ကို
ထွက်လာပြီးတော့ အဲဒီ ခုနက ဗိုလ်ချုပ်မှူးကြီး မောင်အေးဘက်ကို ပေါ့နော်၊ ပါသွားကြဖို့ များပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ နောက်တစ်ခုကလည်းပဲ၊ ရန်ကုန်မှာ ဘုန်းကြီးကျောင်း တော်တော်များများမှာ တပ်တွေ စွဲထားတယ်၊
အခု ကျွန်တော်တို့ ရန်ကုန်က စုံစမ်းသိရှိလို့ ရသလောက်ကတော့ တချို့တပ်တွေက
ဘုန်းကြီးတွေကို ပြန်ပြီးတော့ ပြုစုနေတယ်၊ တကယ်လို့များ အပြင်ထွက်မယ် ဆိုလို့ရှိရင်
တားမယ့် ပုံစံတောင် မရှိတော့တဲ့၊ မရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးတွေ ကြားနေပါတယ်။
အဲဒီ အလားအလာတွေရော ရှိနေပါလား မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဒီ အထက်က အမိန့်အရကတော့ပေါ့နော်၊ မထွက်ဖို့တော့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာ ဖြစ်ပါတယ်။
အဲ ဒါပေမယ့် ခုနက ဒီ ပေးထားတဲ့ အမိန့်မှာက ရက်ရက်စက်စက် ပစ်လို့မရတဲ့ အခါကျတော့
သူတို့ ထိန်းလို့ မရလို့ ရှိရင်တော့ ကျွန်တော်ထင်တယ် လွှတ်ပေးလိုက်ရတဲ့ အနေအထားမျိုး ဖြစ်မှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ စစ်တပ်ဘက်နေပြီးတော့ နိုင်ငံတကာ အခြေအနေဘက်ကို ခဏလောက်လှည့်ချင်ပါတယ်။ ဒီနေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက
မြန်မာပြည်ကို ရောက်ရှိနေပါတယ် အဲတော့ နိုင်ငံတကာ အခြေအနေ ဘာတွေ ဖြစ်သွားနိုင်ပါသလဲ မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ မစ္စတာ ဂန်ဘာရီ ဒီတစ်ခေါက်လာတာ ထူးခြားပါတယ်၊ ဘာကြောင့်လည်း ဆိုတော့
ဒီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်၊ ဟို ပုံမှန်အဖွဲ့ဝင်၊ အမြဲတမ်း အဖွဲ့ဝင်ပေါ့နော်၊ ငါးနိုင်ငံလုံးက
မစ္စတာဂန်ဘာရီကို အပြည့်အ၀ တစ်ရာ ရာခိုင်နှုန်း ထောက်ခံချက်ပေးပြီး ဒီခရီးစဉ်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီအခါကျတော့ မစ္စတာ ဂန်ဘာရီ အနေနဲ့က အပစ်အခတ်တွေ ချက်ခြင်းရပ်ဖို့ သူကြိုးစားလိမ့်မယ်။
နောက်တစ်ချက်က ကျတော့ ဒီ နိုင်ငံတကာကနေ ဦးဆောင်ပြီးတော့ ပေါ့နော် ဆွေးနွေးပွဲတွေ ပေါ် ပေါက်လာအောင်
သူကြိုးစားမှာ ဖြစ်ပါတယ်။ အဲဒီနှစ်ခု ရမှပဲ သူ သဘောတူပြီးတော့ ပြန်ချင်ပြန်မယ်၊ ဒါမှမဟုတ်လို့ ရှိရင်လည်း
သူ ဒီတစ်ခေါက်မှာတော့ ကျေနပ်မှာ ဖြစ်ပါတယ်၊ ဒီတစ်ခေါက်မှာ နိုင်ငံတကာကလည်း
အဲဒီလိုဖြစ်မှ ကျေနပ်မယ့်သဘောမှာ ရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေက
ဒီ အိမ်နီးနားချင်း နိုင်ငံတွေကို တိုက်ရိုက် ထိခိုက်လာနိုင်တဲ့ အနေအထားတွေ ရှိလာပြီ ဖြစ်ပါတယ်။
အထူးသဖြင့် နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံတို့။ အိန္ဒိယနိုင်ငံတို့၊ တရုတ်နိုင်ငံတို့ကို ဒီ ပိုပြီးတော့ပေါ့နော်
ထွက်ပြေးတာတွေ ခိုအောင်းတာတွေ ဖြစ်နိုင်ကောင်း ဖြစ်လာနိုင်တယ်။ စီးပွားရေးတွေ ကျပ်တည်း ကောင်း
ကျပ်တည်းလာနိုင်တယ်။ အဲဒီလို အနေအထားတွေကို သူတို့ မြင်နေပြီ ဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာတော့
ကျွန်တော့် အမြင်က မစ္စတာ ဂန်ဘာရီလည်း အပစ်အခတ်တွေကို ချက်ခြင်းရပ်ဖို့ သူကြိုးစားလိမ့်မယ်။
နောက်တစ်ခုက ဒီ ဆွေးနွေးပွဲတွေ ပေါ်လာအောင်လည်း ကြိုးစားမှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုတဲ့ တပ်မတော်သားတွေကို
ဘာများ ပြောလိုပါသလဲ ခင်ဗျာ။

ဝင်း။ ။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်ဆိုတာကတော့လေ စဖွဲ့ကတည်းက ဟုတ်လား [အသံတုန်လျက်]
ပြည်သူကို ကာကွယ်မယ်ဆိုပြီး ဖွဲ့ထားတာပေါ့ဗျာ၊ [ငိုရှိုက်လျက်] ပြီးတဲ့အခါကျတော့ အခုလိုမျိုး
ပြည်သူကို ပစ်သတ်တာတော့ ကျွန်တော် ထင်တယ်၊ မကောင်းဘူးထင်တယ်။ [ငိုလျက်]
မလုပ်လည်း မလုပ်သင့်ဘူး ထင်တယ်ဗျာ၊ သံဃာတော်တွေမှ ပစ်တာတွေ သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။
[ရှိုက်သံ] အဲဒီအခါကျတော့ တပ်မတော်သားတွေ အနေနဲ့ နော် ကိုယ့်ရဲ့ ဒီ ရှေ့အနာဂတ်ကို ကြည့်ပြီးတော့၊
ဟုတ်လား၊ ဒီ ထိပ်ပိုင်းမှာ ရှိတဲ့ဗျာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ကျွန်တော် ထင်တယ် ဂရုစိုက်မှာ မဟုတ်ဘူး၊
[အသံတုန်လျက်] သူဟာ ဆက်ပြီးတော့လည်း အများကြီး နေရမှာ မဟုတ်တော့ဘူး၊ အဲတော့ သူ့အနာဂတ်ကိုလည်း သူက သိပ်ဂရုစိုက်ပုံ မပေါ်တော့ဘူး။ ကျန်တဲ့ ဒီ ရဲဘော်ရဲဘက်တွေ ဟုတ်လား၊ တပ်သားတွေ တပ်မှူးတွေအနေနဲ့
ရှေ့မှာ ရှေ့ဆက်သွားမယ့် နှစ်တွေက အများကြီး ရှိသေးတယ်။ အဲတော့ ရှစ်လေးလုံးကလိုမျိုးပေါ့နော်
စစ်တပ်ကြီးတစ်ခုလုံး သိက္ခာတွေ ကျပြီးတော့ ဟုတ်လား [ငိုသံယှက်၍ မသဲကွဲ]
သံဃာအပေါင်းက စွန့်ပယ်ခံရတယ်ဆိုတာ အရမ်းကို ကြီးလေးတဲ့အနေအထား ဖြစ်ပါတယ်။
ရှေ့မှာ အဲလို မဖြစ်ရအောင်လို့နော်၊ တကယ့်တိုင်းပြည်ကို အားကိုးတဲ့၊ တိုင်းပြည်က အားထားတဲ့၊
တိုင်းပြည်က ပြည်သူတွေက ချစ်တဲ့၊ ပြည်သူ့ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ဖို့၊ အပစ်အခတ်တွေကို
ရပ်ပြီးတော့ ပြည်သူနဲ့ ပူးပေါင်း ပါဝင်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ [ရှိုက်သံ]


ဒီနေရာမှတစ်ဆင့်ပြန်လည်ဖော်ပြပါသည်။

တစ်ဦးနဲ့တစ်ဦးမေတ္တာထားကြပါ

  • Posted: 3:15:00 PM
  • |
  • Author: Winkabar

ပြည်သူတွေက နိုင်ငံတိုးတတ်ရေးအတွက်ငြိမ်းချမ်းစွာဆန္ဒပြနေကြတယ်။
အဲဒါအပြစ်လား။သူတို့ကမည်သူ့ကိုမျှမထိခိုက်ဘဲ အေးအေးဆေးဆေးဆန္ဒပြနေကြတာပါ။
ဒါကို အာဏာရှင်တွေက ဘာလို့မြင်မကောင်းအောင်ချေမှုန်းတိုက်ဖျက်နေကြတာလဲ။
ဒီလိုချေမှုန်းရင်းနဲ့သေတဲ့လူတွေဟာနည်းလား။ သူတို့ဟာဘာအပြစ်ရှိလို့လဲ။
နိုင်ငံနဲ့ပြည်သူအတွက်အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီးတော့ ဆန္ဒပြနေကြတာပါ။
ဒီလိုလုပ်တာ အပြစ်လို့ဆိုရမှာလား။

အချိန်ကြာလာတာနဲ့အမျှ ဆုံးရှူံး မှုတွေများလာတယ်။
သေကြေသူတွေ၊ အပျက်အစီးတွေများလာတယ်။
ဒီလိုအပျက်အစီးတွေများလာတာနဲ့ကောပြည်သူလူထုကလက်လျှော့လိုက်မှာလား။
မထင်ပါနဲ့။ ဆက်လက်ပြီးဆန္ဒပြဦးမှာပါ။
ပြည်သူတွေကငုံ့ခံနေတာကြာပါပြီ။
သေသေချာချာ စိတ်မခိုင်ဘဲနဲ့ မလုပ်ပါဘူး။
သေချာမှ ထပြီးအကောင်အထည်ဖော်လိုက်တာပါ။
အာဏာရှင်တွေကိုပြောချင်တယ် ဘာလို့များ မိမိကိုမနှစ်သက်တဲ့သူတွေကို
အုပ်ချုပ်ချင်ရတာလဲ။ ဘာများအကျိုးရှိလို့လဲ။
အလျှော့ပေးလိုက်ပါတော့လား။
အုပ်ချုပ်လာတာလည်းကြာခဲ့ပါပြီ။ တော်လောက်ပါပြီ။
တစ်ခါပြန်ပြီး ပြည်သူတွေကိုလှည့်ကြည့်ပါဦး။
သိသိတတ်တတ်နဲ့ဆင်းပေးလိုက်ရင် အေးအေးချမ်းချမ်းနဲ့ဇာတ်သိမ်းသွားမှာပါ။
ပုံတွေတွေ့ရတာအားမရှိတော့ဘူး။ စိတ်လည်းမကောင်းဘူး။
ကိုယ်ကျိုးစွန့်ပြီး နိုင်ငံအတွက်အသက်ပေးသွားတဲ့လူတွေ များနေပါပြီ။
၈၈ တုန်းကလည်းအသက်ပေးခဲ့သူတွေမနည်းပါဘူး။
အခုလည်းထပ်ပြီးအသက်ပေးနေရပြန်ပါပြီ။ ဘယ်လောက်များထပ်ပြီးသေနေကြရဦးမှာလဲ။
ထပ်မသေရပါစေနဲ့တော့။
ယခုပြည်သူလူထုဟာ တိုင်းတစ်ပါးအကူအညီကိုတောင်းခံနေရပါတယ်။
သူတို့ကလည်းကူညီမလိုလိုနဲ့အခုထိတော့ဘာမှလှုပ်ရှားမှုမရှိသေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကူညီမယ်ဆိုတာ အတိုင်းအတာတစ်ခုအထိပဲရှိပါတယ်။
ကျန်တာကိုတော့ကိုယ့်အားကိုယ်ကိုးရမှာပါ။
ပြည်သူများဆက်လက်လုပ်ဆောင်ကြပါ။
ပြည်တွင်းကလူတွေက ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသလို
ပြည်ပကလူတွေကလည်း တတ်နိုင်သမျှကူညီပေးနေပါတယ်။
နေ့စဉ်နဲ့အမျှဆုတောင်းမေတ္တာပို့နေကြပါတယ်။ အားမလျှော့ပါနဲ့။

မြန်မာနိုင်ငံကြီးအမြန်လွတ်မြောက်ပါစေ။
အားလုံးမေတ္တာထားနိုင်ကြပါစေ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးဆုံးပါစေ။

Red Campaign

  • Posted: 4:08:00 PM
  • |
  • Author: Winkabar

မနက်ဖြန် (စက်တင်ဘာလ ၂၈ရက်နေ့)တွင်
ကျဆုံးသွားသောသံဃာတော်များကိုဂုဏ်ပြုတဲ့အနေဖြင့်
ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေ အနီရောင်အင်္ကျီများဝတ်ဆင်ကြဖို့
တိုက်တွန်းလိုက်ပါတယ်။

http://www.s0wha1.blogspot.com/မှရရှိသောသတင်းကိုပြန်လည်ဖော်ပြပါသည်။

စာပို့ခြင်းဖြင့်အားဖြည့်ပါ

  • Posted: 6:22:00 AM
  • |
  • Author: Winkabar

ကုလသမဂ္ဂ သို့ တိုက်ရိုက်ဆက်သွယ်ပြီး (သို့) email ပို့ပြီးကူညီပေးကြပါ။
Subjectနေရာမှာ Help Burma ဟုထည့်ပါ။


ဒါကတော့
http://www.un.org/terrorism/contact-us.asp
သူ့ကိုတိုက်ရိုက်ဆက်သွယ်ရန်လိပ်စာပါ။

ဘလော့များကိုဘန်းကျော်ဖွင့်ခြင်း

  • Posted: 11:15:00 AM
  • |
  • Author: Winkabar

ဒီနေ့ဘလော့တစ်ခု၊နှစ်ခု တွေကိုစဘန်းရာကနေ www.blogspot.com တစ်ခုလုံးပိတ်လိုက်ပါတယ်တဲ့။
ဘန်းထားတဲ့ဘလော့များကိုဝင်ဖို့ဒီကိုသွား၍ဖတ်နိုင်ပါသည်။

ထိုသတင်းကိုနေရာမှရယူပါသည်။




နောက်ထပ်ဝက်ဆိုက်တွေပါ။အခြားဘန်းထားသောဆိုက်များအားကြည့်ရန်(http://niknayman.blogspot.com/)မှတစ်ဆင့်ပြန်လည်ဖော်ပြပါသည်။

http://proxyhide.net
http://proxify.co.uk
http://proxygun.net
http://myfreeproxy.com
http://workstudyplay.com
http://proxydrop.biz
http://proxyweb.net
http://freeproxy.ca
http://cleverproxy.com
http://proxyrat.com
http://urlgateway.com
http://3proxy.org
http://tntproxy.com
http://3proxy.com
http://proxify.org
http://getmepast.com
http://fullysickproxy.com
http://proxify.de
http://tekistan.com
http://vpntunnel.net
http://public-proxy.com
http://browserproxy.com
http://atunnel.com
http://hidemyass.com
http://netsack.net
http://proxy10.info
http://yourfreeproxy.com
http://unblockmyspace.com
http://vcamo.com
http://proxy6.info
http://72.232.94.93/perl/nph-proxy.pl

ကြေညာချက်

  • Posted: 7:45:00 AM
  • |
  • Author: Winkabar

ပုဒ်မ ၁၂၇ ကို ထုတ်ပြီး နှိမ်နင်းဖို့အတွက် ၁၄၁ ကို ကျူးလွန်မှ ထုတ်ခွင့်ရှိပါတယ်။
ပုဒ်မ ၁၄၁ က ဆူပူအကြမ်းဖက် လိုသူများ လူစုလူဝေး ပြုလုပ်ခြင်းစတဲ့
အချက်ပေါင်း ၅ ချက် ရှိရပါ့မယ်။ အခု မေတ္တာသုတ်ရွတ်ဖတ်ပြီး
လမ်းလျှောက်နေသူများဟာ အင်အား ၁ သိန်း၊ ၂ သိန်းပဲ ဖြစ်ပါစေ။
အကြမ်းဖက် ဆူပူလိုခြင်းမရှိဘူးဆိုတာ သိသာတဲ့အတွက် ၁၂၇ ထုတ်ရန် အကျုံးမ၀င်ဘူး၊
မလိုအပ်ဘူးဆိုတာ လူအများသိရှိရန် အသိပေးဖြန့် ဝေပေးကြပါ။

*********************
http://s0wha1.blogspot.com/ မှပြန်လည်ကူးယူဖော်ပြထားပါသည်။

မြန်မာ ပြည်သူ၊ ပြည်သားများသို့ ပန်ကြားခြင်း (၂)

  • Posted: 4:02:00 PM
  • |
  • Author: Winkabar

အန်တီငြိမ်းဘလော့ဂ်ကနေ ပြန်လည်ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ မြန်မာ ပြည်သူ၊ ပြည်သားများသို့ ပန်ကြားခြင်းနဲ့ ဆင်ဆင်တူလို့ ပန်ကြားခြင်း (၂) လို့ ခေါင်းစဉ်ပြောင်းလိုက်ပါတယ်။

*** *** ***

ကျမရဲ့ နှိုးဆော်ခြင်းပို့စ်ထဲမှာ ကိုနေမိုးဆိုသူက comment အနေနဲ့ ရေးသွားတာပါ..။ ဒါပေမဲ့ ... တနိုင်တပိုင်
လုပ်ဆောင်သင့်တဲ့ အကြံဥာဏ်ကောင်းလေးမို့ ပို့စ်အနေနဲ့ တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ ကျမအနေနဲ့ ဖြည့်စွက်ချင်တာကတော့ ဘာသာခြားတွေအနေနဲ့လည်း သက်ဆိုင်ရာ ဘာသာရေးအထိမ်းအမှတ်တွေကို သုံးဖို့ တိုက်တွန်းချင်ပါတယ်။


“အောင်ခြင်းကိုးပါး”
လူတိရစ္ဆာန် ယုတ်စွယုတ်စွာ
ရှိလေရာကို
ဂေါတမ ချက်ချင်းသွားနေကျ
အောင်ခြင်းကိုးပါး လာတော့မယ်
မင်းမမီမှာ စိုးသကွယ်
ရေးသူအမည် မင်းသိတယ်။
(ဒေါက်တာ သန်းထွန်း)

ဟုတ်ကဲ့..။ အထက်က ဖွင့်ဆိုထားသလို ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက် အောင်ခြင်းကိုးပါး လာပါ တော့မယ်။


ဒီတခါတော့ ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံး ဗုဒ္ဓမြတ်စာဘုရားရဲ့ ပုံတော်တွေ ဆင်းတုတော်တွေကို ကိုင်ဆောင် ဦးထိပ် တင်ပြီးတော့ သာသနာ့အလံကို လွှင့်ထူပြီး စစ်အာဏာရှင်ကို အနိုင်ယူဖို့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ ၊ အားဖြည့်လိုက်ပါသူ ပြည်သူလူထုတွေကို အားမာန်တက်ကြွလာစေဖို့ မဖြစ်မနေ ရှေ့တန်းတင် ရပါတော့မယ်။ အကြမ်းဖက်လာမယ့် လူတွေကိုလည်း ဗုဒ္ဓဘုရားရှင်ကို မြင်တွေ့ခြင်းအားဖြင့်လည်း အသိတရား များ ရလာပြီး လက်နက်ချ ပူးပေါင်းပါဝင်လာစေဖို့လည်း အကျိုးရှိနိုင်ပါတယ်။

ကျနော်တို့ဘက်မှာ မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ရှိနေပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တိုင်ကလည်း အကြောက်တရား ကင်းဖို့အတွက် ဟောာကြားခဲ့ဖူးတဲ့ တရားတော်တွေရှိပါတယ်။

“စစ်သည်ရဲမက်တွေဟာ စစ်ကို အနိုင်ရဖို့အတွက် တပ်ဦးမှာ လွှင့်ထူထားတဲ့ တံခွန်တွေ အလံတွေကို ကြည့်ပြီး အားမာန်တက်ကြွစွာနဲ့ စစ်ကို နိုင်အောင်တိုက်ကြတယ်။ ထို့အတူ ရဟန်းသံဃာတော်တွေကလည်း အကြောက်တရားများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ငါဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ပြီး သတိနဲ့ရင်ဆိုင်က အကြောက်တရားကို အောင်မြင် အနိုင်ရရာ၏”
လို့ ဟောကြားခဲ့တော်မူပါတယ်။

ကျနော်တို့ဘက်က အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်အောင် ရိုးသားသန့်ရှင်းတဲ့ တရားမျှတသော နည်းလမ်း ပေါင်းစုံကို သုံးရပါမယ်။ ကိုယ်တတ်နိုင်သမျှ နည်းပေါင်းစုံကို စဉ်စားတွေးခေါ်ပြီး ဒီနေ့ ဒီအချိန်မှာ သံဃာတော်များနှင့် ပြည်သူလူထုကို တင်ပြ အကြံဥာဏ်ပေးဖို့ အထူးလိုအပ်နေပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးအတွက် လုပ်သင့်တဲ့အချက်များကတော့ ...

၁။ သံဃာတပ်ဦးနှင့် လူထုတပ်ဦးများတွင် မြတ်ဗုဒ္ဓရဲ့ ရုပ်ပုံများ၊ ဆင်းတုတော်များနှင့် သာသနာ့ အလံတော် များ ကို ခပ်များများသုံးပြီး တောင်းဆိုချက်များနဲ့ ချီတက်သင့်ပါတယ်။

၂။ အကြမ်းဖက်လာမည့် အင်အားစုများကို အတတ်နိုင်ဆုံး သံဃာတော်များမှ တရားဟောပြ စည်းရုံး နားချသင့်ပါတယ်။

၃။ အကြမ်းဖက်လာပါကလည်း စုစုစည်းစည်းထား တောင့်ခံပြီး “မင်းတို့တတွေ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြ ပါစေ” ဆိုတဲ့ မေတ္တာပို့သတဲ့ စကားတွေ မပြတ်တမ်း ရွတ်ဆိုနေသင့်ပါတယ်။

၎။ ထိပ်တိုက်ရင်ဆိုင်မှုများတွေ့ပါက “ပြည်သူ့သံဃာ၊ တို့သံဃာ။ ပြည်သူ့စစ်သား၊ တို့စစ်သား။ ပြည်သူ့အရေး၊ တို့အရေး။ သံဃာ၊ စစ်သား၊ ပြည်သူအားနှင့် အာဏာရှင်စနစ် တိုက်ဖျက်ပစ်” လို့ ကြွေးကြော်သင့်ပါတယ်။

၅။ နိုင်ငံရေးသမားများ ကျောင်းသားခေါင်းဆောင်များက ပြည်သူလူထုကို နိုင်ငံရေးတရားများ ဟောပြော စည်းရုံးခြင်း တွေလည်း အမြန်ဆုံး အကျယ်ပြန့်ဆုံး လုပ်ဆောင်သင့်ပါတယ်။
သန့်ရှင်းရိုးသား၍ တရားမျှတသော ဒီမိုကရေစီစနစ်သို့ ရည်ရွယ်လျှက်

(နေမိုး)

မေငြိမ်း

*** *** ***
မဆိုးဝှက် ဘလော့မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

ဒီပို့စ်ကိုလည်း တတ်နိုင်သလောက် ဖြန့်ဝေပေးကြပါဦးလို့။

First Aid 1

  • Posted: 4:00:00 PM
  • |
  • Author: Winkabar

ကို July Drem Blog မှာ ဆရာတော်တို့ လမ်းလျှောက်ရင် ဖြစ်လာနိုင်တဲ့ ဝေဒနာတွေကို ပြုစုနည်းများ တင်ထားပါတယ်။ အဲဒါကို ပြန်ကူးယူဖော်ပြထားတာပါ။ ဆက်လက် ဖြန့်ဝေပေးကြပါ။

*** *** ***

ရှေးဦးပြုစုခြင်းနဲ့ ပါတ်သတ်ပြီး အခုလက်တလော အသုံးဝင်မယ့် အရာလေးတွေကို တင်ပြချင်တဲ့စိတ်က အခုတလော ဖြစ်ပေါ်နေပါတယ်။ ရှေးဦးပြုစုခြင်းဆိုတာ ကောင်းနိုးရာရာ မှန်းဆပြုစုတဲ့ ပညာရပ်မဟုတ်ပါဘူး။ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက လက်ခံထားတဲ့ နည်းစနစ်ကျ ပညာရပ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဆေးရုံဆေးခန်းက ဆရာဝန်တွေလို ရောဂါလုံးဝအရှင်း ပျောက်ကင်းအောင် ဆေးကုသတာမျိုးလည်း မဟုတ်ပါဘူး။

အဲဒါဆို ရှေးဦးပြုစုခြင်း First Aid ဆိုတာ ဘာလဲပေါ့ ...
ရှေးဦးပြုစုခြင်း ဆိုသည်မှာ မတော်တဆနှင့် တမင် ကြံရွယ်ချက်ကြောင့် ရရှိသော ဒဏ်ရာများနှင့် ရုတ်တရက် ဖြစ်ပေါ်လာသော ရောဂါဝေဒနာရှင်များကို တွေ့သည့်နေရာတွင် ရရှိသည့်ပစ္စည်းဖြင့် ဝေဒနာ သက်သာစေ၍ အသက်ချမ်းသာမှု ရရှိစေရေးအတွက် ဆေးဘက်ဆိုင်ရာ (ဆရာဝန်၊ ဆေးရုံ စသည်များ) အကူအညီ ရရှိသည်အထိ ပြုစုခြင်း ဖြစ်ပါသည်။ (မှီငြမ်း ... အခြေခံရှေးဦးပြုစုနည်း စာအုပ်)

ရှေးဦးပြုစုခြင်းထဲက ကြွက်တက်ခြင်း Cramp?၊ အပူရှိန်ကြောင့် ပင်ပန်းခြင်း Extreme Heat? အပူရှပ်ခြင်းံHeatstroke နဲ့ အဖျားတက်ခြင်း Fever တို့နဲ့ ပါတ်သတ်ပြီး ပြုစုနည်းများကို တင်ပြရေးသား သွားပါမယ်။ လတ်တလောမှာ အဝေးကနေ ကူညီပေးနိုင်တာလေးတွေကို ကူညီပေးတာပါ။ အကျိုးရှိမယ်လို့ ယူဆရပါတယ်။

ကြွက်တက်ခြင်း Cramp
ကြွက်သားတွေ ပင်ပန်းစွာ အလုပ်လုပ်ရရင် ဥပမာ တာဝေး လမ်းလျှောက်ရင် ပြေးရင်၊ ရေကူးရင် ကြွက်တက်တတ်ပါတယ်။ ကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ ဆားဓါတ်တွေ လျှော့နည်းသွားရင် ဖြစ်တတ်သလို အစာအာဟာရဓါတ်များ ချို့တဲ့ လျှော့နည်းရင်လည်း ဖြစ်တတ်ပါတယ်။ နေပူထဲမှာ ပင်ပန်းကြီးစွာ အလုပ်လုပ်ရတဲ့အခါမှာလည်း ချွေးထွက်လွန်ပြီး ကြွက်တက်တတ်ပါတယ်။

ကြွက်တက်သူကို ဘယ်လို ပြုစုမလဲ ...
လူနာကို ပထမဦးဆုံး လှဲလျောင်းထားလိုက်ပါ။ ကြွက်တက်တဲ့ အစိတ်အပိုင်းကို လက်နဲ့ ဆုပ်နယ်ပေးပါ။ တာဝေး ခရီးရှည် အပြေးသမား လမ်းလျှောက်လာသူများ ကြွက်တက်ရင် လင်နမင်နဲ့ ပရုပ်ဆီ မလိမ်းသင့်ပါ။ ရေအေးအေး၊ ရေခဲကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ကြွက်တက်တဲ့နေရာကို ကပ်ပေးပါ။ ပြီးရင် လူနာကို အနားယူခိုင်းပါ။ ဆေးဘက်ဆိုင်ရာ အကူအညီ ယူခိုင်းပါ။





ပေါင်သလုံးရဲ့ အနောက်ဘက်မှာ ကြွက်တက်ရင် ကြွက်တက်တဲ့ ခြေထောက်ကို ပြုစုသူရဲ့ ထိုင်လျှက်အနေအထား ပခုံးပေါ်ကို ဖြောင့်ဖြောင့်တန်းတန်း တင်လိုက်ပါ။ ပြီးရင် ကြွက်တတ်တဲ့နေရာကို နှိပ်နယ်ပေးပါ။ ပေါင်ရဲ့ အရှေ့ဘက်မှာ ကြွက်တက်ရင် ဒူးကို ကွေးပြီး ထောင်ခိုင်းထားလိုက်ပြီး နှိပ်နယ်ပေးပါ။ ခြေဖ၀ါးမှာ ကြွက်တက်ရင် ခြေဖ၀ါးကို ပြုစုသူရဲ့ ပေါင်ပေါ်မှာ အနည်းငယ်မြှောက် တင်ပြီး နှိပ်နယ်ပေးပါ။ ခြေသလုံးမှာ ဖြစ်တယ်ဆိုရင် ဒူးနဲ့ ခြေသလုံးကို တပြေးတည်းထားပြီး နှိပ်နယ်ပေးပါ။

အပူရှိန်ကြောင့် ပင်ပန်းခြင်း Extreme Heat
ချွေးထွက်လွန်ရင် ကိုယ်ပူရှိန်တက်လာပြီး ရေဓါတ်ကုန်ဆုံးကုန်လို့ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ အဲဒါမျိုးဆိုရင် လူနာကို လေ၀င်လေထွက်ကောင်းတဲ့ အေးတဲ့နေရာမှာ ထားပါ။ ထူထဲတဲ့ အ၀တ်အစားတွေကို ဖယ်ရှားပေးပါ။ ပန်ကာ၊ ယပ်တောင်တို့နဲ့ လူနာကို သက်သာစေဖို့ လုပ်ဆောင်ပါ။ ရေပတ်တိုက်ပါ။ ရေအေး၊ ဓါတ်ဆားရည်တွေ တိုက်ပါ။ အကယ်လို့များ သတိမေ့သွားမယ် ဆိုရင် ဆေးရုံကို အမြန်ပို့ဆောင်ပါ။

အပူရှပ်ခြင်း Heatstroke
အပူရှပ်တဲ့အခါ လူနာက အပူချိန် ၁၀၆ နဲ့ ၁၀၇ ဒီဂရီအထိ ရှိတတ်ပြီး ချွေးခြောက်ခမ်းနေပါမယ်။ အပူရှပ်ခြင်းက လူကို သေစေနိုင်ပါတယ်။ အဲဒါကြောင့် ဂရုတစိုက် ပြုစုပေးဖို့ လိုအပ်ပါတယ်။

လူနာရဲ့ ထူထဲတဲ့အ၀တ်တွေကို ဖယ်ရှားပါ။ အသက်ရှု လေလမ်းကြောင်းတွေ ဖွင့်ထားပေးပါ။ အေးမျှတဲ့ နေရာကို ပြောင်းလို့ရရင် ပြောင်းပေးပါ။ လေကောင်းလေသန့်ရဖို့ အခန်းတံခါးတွေ ဖွင့်ထားပါ။ ရေအေး၊ ရေခဲရေတွေနဲ့ ကိုယ်ကို အဆက်မပြတ် ပွတ်တိုက်ပေးပါ။ ဦးခေါင်း၊ နဖူးတို့မှာ ရေခဲရေ ရေအေးအေး ဆွတ်ထားတဲ့ အ၀တ်ခေါက်ကို တင်ပေးထားပါ။ ကိုယ်အပူချိန် ၁၀၂ ဒီဂရီ ရောက်လာတဲ့အထိ ရေခဲဖတ် ဆက်လက်အုပ်ပေးပါ။ ရေအေးတွေနဲ့ ပွတ်တိုက်ပေးနေပါ။ အကယ်လို့ လူနာက အရေပြား အေးစက်လာပြီး ချွေးပြန်နေရင် ရေပတ်တိုက်တာကို ရပ်ပြီး ဓါတ်ဆားရည်တိုက်ပါ။ ဆေးဘက်ဆိုင်ရာ အကူအညီ တောင်းခံပါ။

အဖျားတက်ခြင်း Fever
ငှက်ဖျား၊ တိုက်ဖွိုက်နဲ့ အခြားအပူကြီး ရောဂါတွေကြောင့် အဖျားတက်စေပါတယ်။ လေကောင်းလေသန့်ရဖို့ အခန်းတံခါးတွေ ဖွင့်ထားပါ။ ထူထဲတဲ့ စောင်တွေ အ၀တ်တွေကို လူနာကိုယ်ပေါ်က ဖယ်ရှားပါ။ လူနာကို လေ၀င်လေထွက်ကောင်းတဲ့ အေးတဲ့နေရာမှာ ထားပါ။ ရေအေး၊ ရေခဲရေတွေနဲ့ ရေပတ်တိုက်ပါ။ အပူကြီးတဲ့သူဆိုရင် ရေငတ်ပြီး အာခြောက်တဲ့အတွက် ရေအေး၊ ဓါတ်ဆားရည်တွေ တိုက်ပါ။ နို့စို့ကလေးအရွယ် ဆိုရင် မိခင်နို့များများ တိုက်ပါ။ ဆေးအကူအညီ ရယူပါ။

နောက်ထပ် အသုံးဝင်မယ့် ရှေးဦးပြုစုနည်းတွေကို ဆက်လက်တင်ပြပေးပါမယ်။

Ref: First Aid Handbook by Anita Kerwin-Nye (UK)


July Dream

ထောက်ခံပါသည်။

  • Posted: 2:06:00 PM
  • |
  • Author: Winkabar

ယခုလတ်တလော ဖြစ်ပျက်နေတဲ့အခြေအနေတွေဟာအင်မတန်မှ
စိတ်လှုပ်ရှားစရာကောင်းပါတယ်။
ကျွန်မ ဟာ ဗုဒ္ဓဘာသာ တစ်ယောက်မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလို သံဃာတော် တွေ ရဲဝင့်စွာပြည်သူ့ဘက်ကရပ်တည်ပေးတာတွေ့ရတော့
အင်မတန်မှ ဂုဏ်ယူလေးစားမိပါတယ်။


သတင်းတွေဖတ်ရင်းနဲ့ အင်မတန်ဝမ်းသာပြီး ဂုဏ်ယူမိပါတယ်။
ဒီလိုအဖြစ်အပျက်က တကယ်ဖြစ်နေတယ်ဆိုတာကိုတောင်မယုံနိုင်လောက်အောင်ပါပဲ။
ဒီလိုဘာသာခြားကတောင်ဒီလောက်ခံစားမိရင်
ဗုဒ္ဓဘာသာဝင်တွေဘယ်လိုခံစားရလဲ ဆိုတာ သဘောပေါက်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဘာသာနဲ့မဆိုင်ပါဘူး။ စိတ်ဓာတ်နဲ့သာဆိုင်ပါတယ်။
ဒီလိုစိတ်ဓာတ် မြင့်မြတ်တဲ့ သံဃာတော်တွေကိုမည်သူမဆိုအားပေးမိမှာပါပဲ။
ကြုံတောင့်ကြုံခဲဖြစ်ရပ်တွေပါ။ လူကြီးတွေပြောတာ အမြဲကြားဖူးပါတယ်။
မြန်မာလူမျိုးတွေဟာ အင်မတန်မှသည်းခံခွင့်လွှတ်တတ်ကြတယ်ဆိုတာပါ။
တော်ရုံတန်ရုံဆိုအရမ်းသည်းခံတတ်တယ်။ ယခုအခြေအနေမှာတော့ မြန်မာလူမျိုးတွေလည်း
မခံနိုင်တော့ပါဘူး။ သံဃာတော်တွေတောင်ပါလာကြပါပြီ။
သံဃာတော်တွေဟာ ဆန္ဒပြရင် အာဏာရှင်တို့မလုပ်ရဲပါဘူးလို့တွေးပြီးလုပ်ကြတာမဟုတ်ပါဘူး။
အာဏာရှင်တွေက ဘယ်သူ့ကိုမှညှာမှာမဟုတ်ဘူးဆိုတာသိရက်နဲ့
ပြည်သူဘက်ကရပ်တည်ပေးတာပါ။
ဒီလိုမားမားမတ်မတ်ရပ်တည်ပေးတာ မြန်မာနိုင်ငံ အတွက်အားတက်ဖွယ်ရာပါ။

ကျွန်မ သူများတွေလိုသိပ်မရေးတတ်ပါဘူး။ သိပ်လည်းမပြောတတ်ပါဘူး။
ဒါပေမဲ့ တစ်ခုပြောချင်တာက လူတိုင်းကဒီအဖြစ်အပျက်ကိုအားပေးနေပါတယ်။
သူ့နည်းသူ့ဟန်နဲ့ပေါ့။ ဒီလိုပါပဲဘလော့ဂါတွေဟာလည်း
ကလောင်စွမ်းအားနဲ့တတ်နိုင်သမျှ ကူညီအားပေးနေကြပါတယ်။
နေ့စဉ်နဲ့အမျှလည်းဆုတောင်းနေကြပါတယ်။ ဒီအထဲမှာ ကျွန်မ လည်းပါပါတယ်။
သတင်းတွေတော့ သိပ်မပေးနိုင်ပေမဲ့ ကိုမျိုးဆက် ရဲ့ မြန်မာပြည်သူပြည်သားများတို့ပန်ကြားချက်
လိုမျိုးဖြန့်ဝေဖို့အတွက်ဆိုရင်တော့ လုပ်ပေးဖို့အသင့်ပါပဲ။
ဘလော့များများမှာပါလေ ကောင်းလေပဲမလား။
အကူအညီလိုရင်လက်တို့လိုက်ပါ။
မြန်မာပြည်အကျိုးအတွက် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီပေးသွားမှာပါ။

မြန်မာပြည်သူပြည်သားများသို့ပန်ကြားခြင်း

  • Posted: 11:21:00 AM
  • |
  • Author: Winkabar


ချစ်ခင်ရပါသော မြန်မာပြည်သူပြည်သားများ ခင်ဗျား

လတ်တလော အခြေအနေများနဲ့ ပါတ်သက်လို့ အဖိုးတန်မယ့်

အကြံလေးတစ်ခု ပေးချင်ပါတယ်။ အခုဆိုရင် အာဇာနည်သံဃာတော်များရဲ့

ဦးဆောင်မှုကြောင့် တစ်တိုင်းပြည်လုံးနီးပါး ပူးပေါင်းပါဝင်လာ ကြပြီဖြစ်တဲ့

ဒီမိုကရေစီ သပိတ်ပွဲကြီးဟာ အောင်မြင်မှုနဲ့ လက်တလှမ်းအကွာမှာ

ရောက်ရှိနေပါပြီ။ဒီအချိန်မှာ စည်းလုံးညီညွတ်ရေးဟာ အင်မတန်အရေးကြီးတဲ့

အချိန်ကို ရောက်နေပါပြီ။ ဒီတော့ ၈၈ တုန်းကအခြေအနေကို ပြန်ဆန်းစစ်ပြီးတွေးစရာ ပြင်ဆင်စရာတွေရှိလာပါတယ်။ အဲဒီတုန်းက တပ်မတော်သားတွေတောင်

အမြင်မှန်ရသွားပြီး ပြည်သူတွေနဲ့ စလက်တွဲခဲ့ကြပါတယ်။ ဒါကို အင်မတန် တုန်လှုပ်သွားတဲ့

မဆလ အစိုးရဟာ မျက်လှည့်စပြပါတော့တယ်။ စစ်တပ်ကို မဆလအနေနဲ့

ဆက်ထိန်းချုပ်နေရင် တပ်သားတွေအကုန်လုံး ဒေါ်အောင်ဆန်းစုကြည်

လက်အောက်ခံတော့မယ်ဆိုတာကို ရိပ်မိတော့ စစ်တပ်က

အာဏာသိမ်းလိုက်ခြင်းအားဖြင့် စစ်သားများကို နားလှည့်ပါးရိုက်လုပ်ပြီး

ပြန်စည်းရုံးခဲ့တာပါပဲ။ ကျွန်တော်တို့ပန်းတိုင်ကို ရောက်ကာမှ

ပွဲအဖျက်ခံခဲ့ရပါတယ်။အခုအနေအထားဟာလဲ ၈၈တုန်းကနဲ့ တော်တော်လေးဆင်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ အထက်က သွေးခွဲထားတော့ သူတို့ကို

လူတွေမုန်းနေပြီလို့ ၁၉ နှစ်လုံးလုံးယုံကြည် ထားတဲ့ စစ်သားတွေဟာ

လူထုနဲ့ ပြန်ပေါင်းစည်းဖို့ နောက်တွန့်သိမ်ငယ်နေကြပါပြီ။

မြန်မာ့နိုင်ငံရေး တော်လှန်ရေးအောင်မြင်ဖို့ဆိုတာ သား သုံး သား ပေါင်းလုပ်မှရမှာပါ။

ဘုရားသားဖြစ်တဲ့ သံဃာတော်များကျောင်းသားများနဲ့စစ်သားများပဲ ဖြစ်ပါတယ်။

အခု သား နှစ် သား က စတင်နေပါပြီ။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ သားကတော့စစ်သားပါ။ ဒီသုံးသားပေါင်းမိရင် ဘယ်မင်းမဆို ကျဆုံးပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ စစ်သားတွေကို စစည်းရုံးကြရမယ်။ မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့ စစ်သားတွေကိုယ်တိုင်လည်း ငတ်နေကြပါပြီ။

သူတို့လည်း လူထဲက လူတွေပါ၊ ခံစားတတ်ကြမှာပါ၊ ဒေါ်စုအိမ်ရှေ့က အဖြစ်ကို ကြည့်နိုင်ပါတယ်။

ဒီတော့ ကျွန်တော်တို့က စစ်တပ်ကို လူတွေနဲ့ ပူးပေါင်းလာအောင် ခေါ်ထုတ်ကြရမယ်။

သူတို့ကို အထက်က အကြမ်းဖက် နှိမ်နင်းဖို့ အမိန့်ပေးလာတဲ့အခါ ဖီဆန်ချင်လာအောင်

ဖီဆန်ရဲလာအောင် နှိုးဆွပေးရမယ်။ သူတို့ တွေဝေပြီး ကျောင်းသားတွေနဲ့

ပြည်သူတွေကို စာနာမိအောင် ၀မ်းနည်းဝမ်းသာဖြစ်ပြီး နောင်တတရားဝင်လာအောင်

ကိုယ်ရပ်နေတဲ့ဘက်ဟာ မှားနေတယ်ဆိုတာ ၀န်ခံရဲလာအောင် နှိုးဆွပြီးအသိပေးရမယ်။မိတ်ဆွေတို့ လုပ်သားပြည်သူများနဲ့ သံဃာတော်များ ဆန္ဒပြချီတက်တဲ့အခါ

“ ပြည်သူ့စစ်သား ငါတို့စစ်သား “

“ ပြည်သူ့တပ်မတော် ငါတို့တပ်မတော် “

“ ပြည်သူ့ရဲသား ငါတို့ရဲသား “ လို့ အကျယ်ကြီးအော်ပေးကြပါ။

ဒီလို အသံတွေကြားရင် သူတို့အံ့သြပြီး တဖြည်းဖြည်း ယူကျုံးမရဖြစ်လာလိမ့်မယ်။

သူတို့ကိုင်ထားတဲ့ သေနတ်တွေက အချက်တိုင်း နှလုံးသားကို မှန်အောင် မပစ်နိုင်ပါဘူး။

ဒါပေမယ့် မေတ္တာတရားဟာ နှလုံးသားကို တချက်ထဲနဲ့ ထိအောင်ပစ်နိုင်ပါတယ်။

ကျွန်တော် ပြောတဲ့အတိုင်း ယုံယုံကြည်ကြည် လုပ်ကြပါ။ အောင်မြင်တာ တွေ့ရပါလိမ့်မယ်။

ဒီစာလေးကိုလည်း လက်လှမ်းမှီသမျှ ဝေပေးကြပါ။ ဘလော့ဂါအားလုံးကိုလည်း ပို့စ် လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အရေးတော်ပုံကြီးက အောင်တော့မှာပါ။

ကျွန်တော်တို့ဘက်က ပါးနပ်ဖို့တော့ အရေးကြီးတယ်ဆိုတာ သတိမမေ့ကြပါနဲ့။


လေးစားစွာဖြင့်မျိုးချစ်



*** *** ***
...... မျိုးချစ်မြန်မာ ဘလော့ဂ်ကနေ ပြန်လည် ကူးယူဖော်ပြထားတာဖြစ်ပါတယ်။ ကိုယ့်ဘလော့ဂ်တွေနဲ့ နီးစပ်ရာလူများကိုလည်း ထပ်မံဖြန့်ဝေပေးဖို့ တိုက်တွန်းလိုက်ပါတယ်......

မိုးရာသီ သီချင်းများ

အခုမိုးရာသီကုန်တော့မှာဆိုတော့မိုးရာသီကိုနှုတ်ဆက်တဲ့အနေနဲ့
"မိုး"သီချင်း တွေတင်လိုက်ပါတယ်။
မိုးရွာရင် ရန်ကုန် မှာဆိုကွေးလို့ကောင်းမှကောင်း။
ဒီမှာတော့ကွေးဖို့ မိုးလည်းမရှိဘူး။ အချိန်လည်းမရှိဘူး။
မိုးရွာရင် တစ်ခုခုကိုလွမ်းသလိုပဲ ဘာလွမ်းလဲတော့မသိဘူး။
ဝင်္ကပါ့လိုပဲ ဒီသီချင်းတွေကလည်း လွမ်းထားတယ်။
အကုန်နီးပါး အလွမ်းသီချင်းတွေပဲ။ နားထောင်လိုက်ပါဦး။
ကြားဖူးသားတွေပါ။

၁) အခါလွန်မိုး - ဇော်ပိုင်
၂) မိုးနဲ့အတူငိုနေမယ် - မေစံပယ်ညို + မိုးမိုး
၃) မိုး - Rဇာနည် + ကျော်သူစိုး
၎) မိမိုးကို - အဲလက်စ်
၅) မိုးကပြောတဲ့အလွမ်းဇာတ်လမ်း - ချောစုခင်
၆) မိုးရာသီထဲ - Lဆိုင်းဇီ
၇) မေဦးမိုး - NO
၈) မိုးသီချင်း - NO
၉) မိုးပြေး - ခင်ဘုဏ်း
၁၀)ရင်တကိုယ်မိုး - ဖြိုးကြီး

နိုဘယ်ဆုရှင် Marie Curie

ကျောင်းမှာ BIO အတန်းက သိပ္ပံနယ်ပယ်မှာ နိုဘယ် ဆုရရှိတဲ့သူတစ်ယောက်ရဲ့အကြောင်းကို ရှာခိုင်းတယ်။ နောက်နှစ်ပတ်လောက်နေရင် Presentation ပြောရမှာလေ။ အဲဒါနဲ့ Marie Curie ဆိုတဲ့ နိုဘယ်ဆုရှင် ကိုသွားတွေ့တယ်။ သူက ပထမဆုံးဆုရတဲ့အမျိုးသမီးဆိုတာနဲ့သူ့ကိုပဲရွေးလိုက်တယ်။

သူမ ကို ပိုလန်နိုင်ငံ ရဲ့ မြို့တော် Warsaw မှာ ၁၈၉၇ နိုဝင်ဘာလ (၉)ရက်နေ့မှာမွေးတယ်။
မွေးချင်း (၅)ယောက်ထဲမှာအငယ်ဆုံး။
နာမည်အပြည့်အစုံကတော့ Maria Sklodowska-Curie
၁၅ နှစ်မှာ အထက်တန်းအောင်တယ်။
တော်ချက်များတော့ ကမ်းကုန်ပါပဲ။
စစချင်းPhysics မှာဆုရတယ်။ နောက် Chemistry မှာထပ်ရသေးတယ်။
သူက နိုဘယ် ဆုကို နယ်ပယ်နှစ်ခုမှာရတဲ့ပထမဦးဆုံးအမျိုးသမီး။

သူက သူ့ယောကျာ်းနဲ့အတူတူ သုတေသနလုပ်ရင်းနဲ့ ဆုရတာလေ။
လင်မယားနှစ်ယောက်တက်ညီလက်ညီပေါ့။
ဒါတင်မက သေးဘူး သူတို့ရဲ့သမီးကလည်း နိုဘယ် ဆုရှင်ပါပဲ။
သူကဘာလို့အဲလောက်တောင်တော်ရတာလဲ။
ရှေးခေတ်တုန်းကမလို့လားတော့မသိဘူး။
ရှေးခေတ်တုန်းက ဆိုတော့ အခုခေတ်လိုအားလုံးက
စူးစမ်းရှာဖွေလေ့လာနေတာ မဟုတ်တော့ လွယ်တယ်ထင်တယ်။
လေ့လာတဲ့လူတွေက ဆုတွေရသွားကြတယ်။
နာမည်ကြီးလာကြတယ်။ ဒါပေမဲ့တော့မဆိုင်ပါဘူး။
သူကြိုးစားလို့သူနာမည်ကြီးတာပဲနေမှာပါ။

ဘာပဲပြောပြော အရင်ခေတ်တုန်းကတော့ အခုလောက်ကြိုးစားရမှာမဟုတ်ဘူး။
အခုခေတ်က လူတော်တွေအင်မတန်မှပေါတဲ့ခေတ်ကြီး။
ကိုယ်က သူတို့ကိုကျော်ဖို့မပြောနဲ့ရင်ဘောင်တန်းနိုင်ဖို့နဲ့
သူတို့အောက်မကျဖို့တောင်အင်မတန်ကြိုးစားနေရတယ်။
လူတွေကဘာလို့အရမ်းတော်လာကြတာလဲ။
သားသမီးတွေကက အဖေအမေထက်ပိုတော်တယ် ဆိုသလိုမျိုး
မျိုးဆက်များလာတာနဲ့အမျှ ဉာဏ်တွေလည်းပိုထက်လာကြတာနဲ့တူတယ်။။
သူများနိုင်ငံကလူတွေတော်တာတွေ့ရင်
မြန်မာနိုင်ငံကနေပြီးတော့ဆုတွေထပ်ရစေချင်စေချင်လိုက်တာ။
အဲလိုနာမည်ကြီးစေချင်လိုက်တာ။ ကိုယ့်နိုင်ငံဆိုပြီးကြွားချင်လိုက်ချင်တယ်။။

တို့နိုင်ငံကလူတွေ အရည်အချင်းတွေထုတ်ပြနိုင်ပြီး ဒီထက်ပိုတော်ကြပါစေ။

ဤဘလော့

  • Posted: 2:29:00 PM
  • |
  • Author: Winkabar
  • |
  • Filed under: Blog

ဒီဘလော့ကိုစလုပ်တာ မေလကတည်းကပါ။ ဒါပေမဲ့ ဒီလလောက်မှစာတွေစရေးဖြစ်တယ်။

ဘလော့မှာ register လုပ်ပြီးမှ ဘလော့ဆိုတာဘာလဲသိလာခဲ့တာပါ။ မြန်မာဘလော့လောကကိုလည်းအဲဒီအချိန်မှစပြီးခြေဦးချခဲ့တာပါ။
စလုပ်ချင်းတုန်းက ဘလော့မှာဘာရေးရမှန်းကိုမသိခဲ့ပါဘူး။
ပြီးတော့ ကိုယ့်ဘလော့ကိုလည်းသူများတွေလာကြည့်မှာကြောက်နေခဲ့ပါတယ်။ ဒါကြောင့်သူများဘလော့တွေသွားလည်ရင် commentရော cbox မှာပါမရေးခဲ့ပါဘူး။



တစ်ခါတစ်လေ သိပ်ရေးချင်ရင် anonymous အနေနဲ့ပဲရေးတယ်။ ဒါလည်းသိပ်မရေးဖြစ်ပါဘူး။

ဒီလိုနဲ့ပဲနေလာခဲ့တာ တဖြည်းဖြည်းနဲ့ ဘလော့ဆီမီနာ လုပ်တဲ့အချိန်နောက်ပိုင်း
အဲဒီပွဲလေးအကြောင်းရေးထားတာတွေကိုဖတ်မိပြီး
ခင်မင်တတ်တဲ့ဘလော့တွေနဲ့ရင်းနှီးချင်လာတယ်။
သူတို့ရဲ့လောကလေးထဲမှာပါဝင်ချင်လာခဲ့တယ်။
ဒါနဲ့ပဲအရဲစွန့်ပြီး ကိုစေတန့်cbox ထဲမှာနည်းနည်းသွားရေးမိတယ်။
ကံစမ်းကြည့်လိုက်တာပေါ့နော်။

မထင်မှတ်ဘဲအဲဒီနောက်ပိုင်း ဒီဘလော့ထဲကို ဧည့်သည်တွေရောက်လာပါတယ်။
သူတို့ cbox ထဲမှာရေးထားတာကိုဖတ်ပြီးအရမ်းပျော်ပြီးအားတက်မိပါတယ်။
မထင်မှတ်ဘဲ နွေးထွေးစွာကြိုဆိုကြတော့ အရမ်းအားတက်မိတယ်။

ကိုယ့် cbox ထဲမှာ စာရေးထားရင်ပျော်သလို သူများဆီသွားရင်လည်း cbox ထဲမှာ နည်းနည်းတော့ ရေးဖြစ်သွားတယ်။ သွားတဲ့ဘလော့တိုင်းတော့ မဟုတ်ပေမဲ့တစ်ချို့တစ်လေမှာပေါ့။ သူကရေးလိုက် ကိုယ်ကရေးလိုက်နဲ့အပြန်အလှန်ရေးကြ တယ်။ တဖြည်းဖြည်းလာလည်တဲ့သူတွေရှိလာတယ်။ အရင်ခြောက်ကပ်ကပ် ဘလော့ လေးက အခုတော့ စိုစိုပြည်ပြည် ရှိစပြုလာပြီ။
ဒီလို ဖြစ်လာတာလည်းလာရောက်အားပေးသူတွေကြောင့်ပါ။
ဒီလို နွေးထွေးစွာလက်ကမ်းကြိုဆိုသူများအားလုံးကိုကျေးဇူးတင်ပါတယ်။
နောက်လည်းဒီလိုမျိုး တက်သစ်စဘလော့ဂါများကိုနွေးထွေးစွာဆက်လက်ကြိုဆိုနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်မလည်းတစ်ဖက်တစ်လမ်းကပါဝင်ကူညီသွားမှာပါ။

မြန်မာဘလော့လောကဒီထက်ပိုမိုတိုးပွား၍ ဒီ့ထက်ပိုမို တိုးတက်ပါစေ။

Read Smart

ဒီနေ့ကျောင်းမှာစာသင်ရင်းနဲ့ဆရာမက "Read Smart" (ဉာဏ်နှင့်ယှဉ်၍စာဖတ်ပါ)
ဆိုတဲ့အကြောင်းပြောပြတယ်။
ပြီးတော့ ဗေဒင်ကိုဥပမာပေးတယ်။
လူတွေက ဗေဒင်ဖတ်ရင် တစ်ချို့တွေက အရမ်းယုံတတ်ကြတယ်တဲ့။
ဥပမာ။ ။ ဗေဒင်က ဒီနေ့ပိုက်ဆံကောက်ရတတ်တယ် လို့ရေးထားရင်
အဲဒီလူက သူသွားတဲ့လမ်းတစ်လျှေက်လုံးပိုက်ဆံရှာတော့တာပဲတဲ့။
ရှာရင်းရှာရင်းနဲ့ ပိုက်ဆံတော့ တွေ့ပါရဲ့။ တွေ့တာကဆယ်ပြားလောက်ပဲတဲ့။
အဲတော့ သူကဒီလိုတွေးတယ် "သြော်... ဗေဒင်ကငါ့ကိုပိုက်ဆံကောက်ရမယ်လို့ပဲပြောတာ။ နည်းမယ်များမယ်မှမပြောတာ။ ဒီတော့ဒီဗေဒင်မှန်ပါတယ်"ဆိုပြီးကောက်ချက်ချလိုက်ရောတဲ့။
စဉ်းစားကြည့်တဲ့ ကမ္ဘာပေါ်မှာ ဒီနေ့ ဒီလ ဒီရာသီ ဖွားတွေအများကြီးရှိတာတဲ့။
အကုန်လုံးက ဒီတစ်ခုတည်းဖြစ်မယ်ဆိုဘယ် ယုတ္တိရှိမလဲတဲ့။တ
စ်ဦးတစ်ယောက်ချင်းစီအတွက်ဘယ်မှန်နိုင်မှာလဲတဲ့။
သဘာဝကျလိုက်တဲ့စကား။
ပြီးတော့ ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့စာအုပ်တွေကော အကယ်၍များအဲဒီထဲကအတိုင်းလုပ်လို့ချမ်းသာမယ်ဆိုရင်
စာအုပ်ဖတ်တဲ့လူတိုင်းကချမ်းသာကုန်ပြီပေါ့တဲ့။
ဒါကြောင့်ဘာပဲဖတ်ဖတ် ဉာဏ်နဲ့ဖတ်ပါတဲ့။ မှန်မမှန် စဉ်းစားဆုံးဖြတ်ပြီးမှယုံပါတဲ့။


တစ်ခါတစ်လေကျရင် ဒီအချက်တွေကမမှန်ဘူးဆိုတာ သိတော့သိနေတယ်။
ဒါပေမဲ့အမှုမဲ့အမှတ်မဲ့ဘဲယုံလိုက်မိကြတာ များနေတယ်။
စာအုပ်တွေက အများအတွက်ချုံငုံပြီးရေးတာဆိုပေမယ့် တကယ်ဖတ်တဲ့အခါကျတော့
ကိုယ်တစ်ယောက်တည်းဖတ်ရတော့ကိုယ့်အတွက်သီးသန့်ရေးထားသလိုဖြစ်နေတာကို
ဝင်္ကပါတို့ကမစဉ်းစားမိကြဘူး။

ဒါတော့ဒါပေါ့။ သူကစိတ်ရောဂါပညာသင်တဲ့ဆရာမဆိုတော့
သူကဒီရှုထောင့်ကနေပဲကြည့်တာပေါ့နော်။
ကိုယ်ကတော့ သူနဲ့လုံးဝကြီးသဘောတူချင်မှတူမယ်။
ဒါပေမဲ့သူပြောတဲ့ ဉာဏ်ကိုအသုံးချပြီးစာဖတ်တာကိုတော့လုံးဝထောက်ခံပါတယ်။


ဒါကြောင့် အားလုံးပဲ "Read Smart"။
စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီးပျော်ရွှင်မှုတွေတိုးပွားနိုင်ပါစေ။

နိုင်ငံခြားအတွေ့အကြုံ

စပ်မိစပ်ရာဘလော့မှာရေးထားတဲ့
Happy Birthday To Meကိုဖတ်ပြီးဒီပို့စ်ကိုရေးဖြစ်သွားတာပါ။
နိုင်ငံခြားကိုလူတွေကအထင်ကြီးကြတယ်။ နိုင်ငံခြားကတိုးတက်တယ်၊ပိုက်ဆံရှာလို့ကောင်းတယ် ဆိုပြီးနိုင်ငံခြားအရမ်းသွားချင်ကြတယ်။ ၀င်္ကပါ လည်းမရောက်ခင်တုန်းကဒီလိုပါပဲ။ ဒီမှာကပညာကောင်းကောင်းသင်လို့ရတယ်ပေါ့နော်။သိပ်ကိုလာချင်ခဲ့တာ။ အခုကျတော့မနေချင်ဘူး။ အခုမှဒီစကားပြောရင်လူတွေကရောက်လို့ပြောတယ်လို့ဖြစ်မယ်။ ဒီမှာကမြန်မာပြည်နဲ့တော့ဆန့်ကျင်ဘက်ပါပဲ။ အရှေ့နိုင်ငံနဲ့အနောက်နိုင်ငံဆိုတော့လေ။
ဒီမှာမိသားစုနဲ့နေရရင်တော့တော်သေးတယ်။
တစ်ကိုယ်တည်းနေတဲ့သူတွေကတော့အရမ်းအထီးကျန်ဆန်မှာပဲ။
ဒီမှာကဘယ်လိုအထီးကျန်ဆန်လဲဆိုတော့ -----
၁) အိမ်တွေကတံခါးတွေအလုံပိတ်ထားတယ်။
Air-con (သို့) Heater နဲ့ပဲနေတာများတယ်။
ဒီတော့တစ်အိမ်နဲ့တစ်အိမ်မသိကြဘူး။
တစ်ချို့အိမ်တွေဆိုလူနေလားမနေလားတောင်မသိနိုင်ဘူး။
၂) နေရာ(State)တော်တော်များများက ဘယ်သွားသွားကားသုံးရတယ်။
ကားမရှိရင်ခြေကျိုးသလိုပဲ။
ကိုယ်ကမမောင်းတတ်ရင်သိတဲ့လူတစ်ယောက်ယောက်ကိုပို့ခိုင်း။
ဒီတော့သူအားတဲ့အထိစောင့်ရတယ်။လူတိုင်းနီးပါးကားသုံးကြတော့လမ်းမှာလူမရှိဘူး။
ဒီမှာက အသက် (၁၆)နှစ်ဆိုကားမောင်းလို့ရပြီ။
ဝင်္ကပါတောင်ကားမမောင်းတတ်သေးဘူး။ အဖေပို့ပေးနေတော့သက်သာနေတာ။
၃)တစ်ယောက်နဲ့တစ်ယောက်လည်းသိပ်မခင်ကြဘူး။ ဆရာမတစ်ယောက်ပြောပြတာပေါ့နော်။
သူတို့တွေကသူငယ်ချင်းကိုဆိုနေရာနဲ့လိုက်ပြီးတော့ပေါင်းကြတာတဲ့။သူ့အတွက် ဂေါက်ရိုက်ဖော်ရိုက်ဖက်သူငယ်ချင်းက တခြားကိစ္စတွေဆိုအသုံးမ၀င်ဘူးတဲ့။ အတူတူမလုပ်ဖြစ်ဘူးပေါ့နော်။ဂေါက်ရိုက်ဖို့မဟုတ်ရင်မဆက်ဆံဖြစ်တော့ဘူးဆိုပဲ။

ဒီလိုဒီလိုအထီးကျန်မှုတွေရှိတဲ့အမေရိကားပါ။
ဘာနဲ့တူသလဲဆိုတော့ လူချမ်းသာနဲ့လူဆင်းရဲလိုပေါ့။
ဒီမှာက စားဝတ်နေရေးမပူရပေမဲ့ စိတ်ပိုင်းဆိုင်ရာအနေနဲ့ကျတော့ ချမ်းသာမှုမရှိဘူး။
မြန်မာပြည်မှာက စားဝတ်နေရေးပူရပေမဲ့ စိတ်ချမ်းသာမှုအပြည့်အ၀ရှိတယ်။ မြန်မာပြည်ကလူတွေကိုလူဆင်းရဲလို့ပြောတာမဟုတ်ဘူးနော်။ ဥပမာပြောပြတာပါ။ လူတွေကဒီမှာအနေကြာသွားရင်တစ်ကိုယ်ကောင်းတွေဆန်လာတတ်တယ်။
စိတ်ဓာတ်တွေပျက်စီးလာကြတယ်။ ကိုယ့်ကိုယ်ကိုထိန်းမှပဲမပျက်စီးမှာ။
ဦးသင်္ကြန် က အမေရိကားမှာမနေချင်တာကိုနားလည်ပါတယ်။ ဒီမှာကမြန်မာပြည်အနေနဲ့ကြည့်ရင် တစ်လ ဒေါ်လာ(၂၀၀၀)လောက်ရတယ်ဆိုပေမဲ့ ဒေါ်လာနဲ့သုံးရတာလေ။
မြန်မာပိုက်ဆံနဲ့ဆို သိန်း(၂၀) နီးပါးလောက် ရှိပေမယ့်
"ဆင်လည်းဆင်အထွာနဲ့ဆင်၊ ကြွက်လည်းကြွက်အထွာနဲ့ကြွက်"လိုပေါ့။ ဒီမှာသူ့ဟာနဲ့သူလောက်ရုံလောက်ပဲရှိတာပါ။ အိမ်တစ်လုံးကို သိန်းဂဏန်းပေးရတယ်။
၁ သိန်း ၂သိန်းပေါ့နော်။ ဟိုမှာဒေါ်လာ ၁သိန်း ၂သိန်းဆိုရင်တော့
နန်းတော်တောင်ဝယ်လို့ရမယ်။
အလုပ်ကတော့အရမ်းပေါပါတယ်။ တစ်နာရီလုပ်ရင် (၇)ဒေါ်လာရတယ်။
ဒါပေမဲ့လုပ်ရတာကမတတ်သာဘူး။ တစ်နေကုန်မတ်တပ်ရပ်ပြီးတစ်ချိန်လုံးလုပ်နေရတာ။
နားချိန်တော့ရှိတာပေါ့နော်။
ပညာနဲ့လုပ်စားတဲ့လူတွေဆိုတတ်သာတာပေါ့နော်။ ဒါပေမဲ့များသောအားဖြင့်ဒီရောက်လာကြတဲ့လူတွေကစာသိပ်မသင်ဖြစ်ကြတော့ဘူး။
စာသင်ရတာပင်ပန်းပြီးအချိန်အရမ်းကုန်လို့လေ။
ပညာနဲ့အလုပ်လုပ်ဖို့အနည်းဆုံး(၄)နှစ်လောက်တော့သင်ရမယ်။ဒီတော့တော်တော်များများကကျောင်းမတတ်တော့ဘဲ
အလုပ်ပဲလုပ်ကြတော့တယ်။ကလေးတွေကတော့ကျောင်းတတ်တာပေါ့နော်။
လူကြီးတွေကိုပြောတာ။
ဝင်္ကပါလည်းကလေးဘဲရှိသေးတာကိုး။ဒီတော့ကျောင်းတတ်တယ်။ အလုပ်ကတော့ကျောင်းပိတ်ဆိုမိဘတွေကိုကူလုပ်ပေးတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ လူဆိုတာတစ်ခုကိုလိုချင်ရင်တစ်ခုတော့စွန့်လွှတ်ရမှာပဲပေါ့။ အားလုံးပြီးပြည့်စုံဖို့ဆိုတာမလွယ်ဘူးလေ။ အခုဒီမှာကောင်းကောင်းစား၊ကောင်းကောင်းနေရတယ်။
ပညာလည်းကောင်းကောင်းသင်ရတယ်။ဒီလောက်ဆိုတော်ပါပြီ။

ဘာရယ်မဟုတ်ပါဘူး။စိတ်ထဲတိုက်ဆိုင်တာလေးကိုရေးလိုက်တာပါ။ လောကမှာဘယ်အရာမဆိုအကောင်းနဲ့အဆိုးဒွန်တွဲနေတာပါပဲ။
ဘယ်မှာပဲနေနေစိတ်ထားတတ်ရင်အားလုံးပျော်ဖို့ကောင်းတာကြီးပါပဲ။

နိုင်ငံရပ်ခြားတွင်မြန်မာအစီအစဉ်များကြည့်ရှုနိုင်ပြီ

  • Posted: 8:40:00 AM
  • |
  • Author: Winkabar
  • |
  • Filed under: TVprogram

နိုင်ငံခြားတွင် မြ၀တီ၊မြန်မာ့အသံနှင့် MRTV-4 အစီအစဉ်များကိုကြည့်ရှုနိုင်ပါပြီ။
ဒဂုံတီဗွီ က နေထုတ်တာပါ။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ---
၁) internet broadband (1.0 Mbps)
၂) DagonTV receiver box
၃) Router

Internet ကနေထုတ်လွှင့်တာကို DagonTV receiver box နဲ့ဖမ်းယူပြီးTVမှာကြည့်ရတာပါ။
Router ကတော့ Internet လိုင်းကိုခွဲပေးတာပါ။
တစ်ချိန်တည်းမှာကွန်ပျုတာကော ၊TVကောကြည့်လို့ရအောင်ပါ။
DagonTV receiver box အတွက်က $198.00 ပါ။
လစဉ်ကြေးကတော့ $ 9.95 ပါ။ ပထမလကတော့အခမဲ့ပါ။
အကယ်၍စိတ်ကျေနပ်မှုမရှိရင်လည်း (၁၄) ရက်အတွင်းအပျက်အစီးမရှိပြန်ပေးရင် ပိုက်ဆံပြန်အမ်းပေးဦးမယ်တဲ့။ အသေးစိတ်သိလိုလျှင် ဒီမှာ ကြည့်ပါ။ comment မှာလည်းမေးလို့ရပါတယ်။ သိသလောက်ဖြေပေးပါ့မယ်။ အခုအိမ်မှာဝယ်ထားတယ်။သူကကြည့်ရတာအဆင်ပြေတယ်။ ( ၂၄ ) နာရီလုံးလာတယ်။ ဇာတ်ကားတစ်ကားကိုတစ်ရက်ကို(၃) ခါအနည်းဆုံးလာတယ်။ အချိန်လည်းတိကျတယ်။
ဥပမာ။ ။ မြ၀တီက (၇)နာရီလာတဲ့ကားဆို နေ့လယ် (၁၂) တစ်ခါ ၊ ညနေ(၆)နာရီတစ်ခါ ၊ ည(၁၂)တစ်ခါပြန်လာတယ်။ မနက် (၆) နာရီတော့ပြန်လာလားတော့မပြောတတ်ဘူး။
(၆)နာရီခြားပေါ့နော်။ တစ်ခြားအချိန်တွေသိချင်သေးရင် comment ထားခဲ့ပါ။ ပြောပြပါ့မယ်။


မှတ်ချက်။ ။ ကြေညာခြင်းမဟုတ်ပါ။ သတင်းပေးခြင်းသာ။


မြန်မာဂီတလောက

ဟိုးတစ်နေ့ကသီချင်းတွေနားထောင်ရင်းတစ်ခုစဉ်းစားမိတယ်။

ငါတို့နိုင်ငံက အဆိုတော်တွေကအသံအရမ်းကောင်းကြတာပဲလို့။
ကိုယ်ကြိုက်တဲ့အဆိုတော်ပဲဖြစ်ဖြစ်၊မကြိုက်တဲ့အဆိုတော်ပဲဖြစ်ဖြစ် အကုန်နီးပါးအသံကောင်းကြတယ်။
ဘာပဲဖြစ်ဖြစ်မြန်မာအနုပညာလောက(ရုပ်ရှင်နှင့်ဂီတလောကကိုသာဆိုလိုသည်)နဲ့
ပတ်သက်ပြီးတော့ဒီတစ်ခုတော့ဂုဏ်ယူစရာရှိတာပေါ့နော်။

ဒါပေမဲ့ တို့နိုင်ငံက သီချင်းတွေကိုနိုင်ငံခြားသားတွေကိုဂုဏ်ယူဝင့်ကြွားစွာနဲ့မဖွင့်ပြရဲဘူး။
အထင်သေးသွားမှာစိုးလို့။
ဘာလို့လဲဆိုတော့သီချင်းတော်တော်များများက နိုင်ငံခြားကတီးလုံးတွေကိုကော်ပီကူးထားလို့။

မြန်မာတေးရေးဆရာတွေကအရည်အချင်းမရှိကြတာလည်းမဟုတ်ဘဲနဲ့
သူများသီချင်းတွေကိုဘာလို့ကော်ပီကူးချင်ကြတာလဲ။
ကိုယ်ပိုင်သံစဉ်တွေများများရေးရင်လူတွေအားမပေးမှာကြောက်လို့လား။
ပရိသတ်မကြိုက်မှာစိုးလို့လား။အဲဒါတွေကိုကြောက်ပြီးမရေးရဲတာလား။မကြောက်ပါနဲ့။ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကိုထုတ်ပြလိုက်ပါ။
ဒါဆိုရင်ပရိတ်သတ်တွေကပိုလို့တောင်အားပေးဦးမယ်။

နိုင်ငံခြားရောက်မြန်မာတွေက နိုင်ငံခြားသားတွေကို တို့နိုင်ငံက သီချင်းတွေဖွင့်ပြချင်တယ်။
မြန်မာဂီတနဲ့ပတ်သက်ပြီးတော့ ဂုဏ်ယူချင်ပါတယ်။
နိုင်ငံခြားသားတွေကိုလည်းတို့တိုင်းပြည်ကအဆိုတော်တွေ
ဘယ်လောက်အဆိုကောင်းလည်းဆိုပြီးကြွားချင်တယ်။
မြန်မာဂီတလောက အဆိုတော်၊ တေးရေးဆရာများကြိုးစားကြပါ။
ဂုဏ်ယူပါရစေ။

ကွန်ပျူတာ၁လုံးထဲတွင်Gtalkတစ်ခုထက်ပိုဖွင့်နည်း

  • Posted: 10:37:00 PM
  • |
  • Author: Winkabar
  • |
  • Filed under: computer, gtalk

တော်တော်များများသိကြမှာပါ။ ဒါပေမဲ့မသိသေးသူများအတွက်ပါ။
G-talk ကို ကွန်ပျူတာတစ်လုံးမှာတစ်ယောက်ပဲ sign-in လုပ်ထားလို့ရတယ်။
online ပေါ့နော်။
ဒါပေမဲ့ တစ်ခါတစ်လေ မိသားစုပေါင်းသုံးတဲ့ကွန်ပျူတာဆိုရင်
ကိုယ်ဖွင့်မယ်၊သူဖွင့်မယ်ဆိုပြီးလုကြရင်ဘယ်လိုလုပ်မလဲ။
G-talk ကလည်းတစ်ခါဆိုတစ်ယောက်ပဲဖွင့်ထားလို့ရတာ။ လွယ်ပါတယ်။
၁) G-talk ကို right-click နှိပ်
၂) properties သွား
၃) target အကွက်မှာတစ်ချက်နှိပ်
၎) end key နှိပ်
၅) spacebar တစ်ချက်နှိပ်
၆) ပြီးရင် /nomutex ကိုရိုက်
၇) ပြီးရင် ok ပေါ့။

ဒါဆိုရင် ကွန်ပျူတာတစ်လုံးထဲမှာ G-talk တစ်ခုထက်ပိုသုံးလို့ရပြီပေါ့။ အဆင်ပြေပါစေ။