Winkabar

A lot of my thoughts...

First Aid 1

  • Posted: 4:00:00 PM
  • |
  • Author: Winkabar

ကို July Drem Blog မှာ ဆရာတော်တို့ လမ်းလျှောက်ရင် ဖြစ်လာနိုင်တဲ့ ဝေဒနာတွေကို ပြုစုနည်းများ တင်ထားပါတယ်။ အဲဒါကို ပြန်ကူးယူဖော်ပြထားတာပါ။ ဆက်လက် ဖြန့်ဝေပေးကြပါ။

*** *** ***

ရှေးဦးပြုစုခြင်းနဲ့ ပါတ်သတ်ပြီး အခုလက်တလော အသုံးဝင်မယ့် အရာလေးတွေကို တင်ပြချင်တဲ့စိတ်က အခုတလော ဖြစ်ပေါ်နေပါတယ်။ ရှေးဦးပြုစုခြင်းဆိုတာ ကောင်းနိုးရာရာ မှန်းဆပြုစုတဲ့ ပညာရပ်မဟုတ်ပါဘူး။ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက လက်ခံထားတဲ့ နည်းစနစ်ကျ ပညာရပ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဆေးရုံဆေးခန်းက ဆရာဝန်တွေလို ရောဂါလုံးဝအရှင်း ပျောက်ကင်းအောင် ဆေးကုသတာမျိုးလည်း မဟုတ်ပါဘူး။

အဲဒါဆို ရှေးဦးပြုစုခြင်း First Aid ဆိုတာ ဘာလဲပေါ့ ...
ရှေးဦးပြုစုခြင်း ဆိုသည်မှာ မတော်တဆနှင့် တမင် ကြံရွယ်ချက်ကြောင့် ရရှိသော ဒဏ်ရာများနှင့် ရုတ်တရက် ဖြစ်ပေါ်လာသော ရောဂါဝေဒနာရှင်များကို တွေ့သည့်နေရာတွင် ရရှိသည့်ပစ္စည်းဖြင့် ဝေဒနာ သက်သာစေ၍ အသက်ချမ်းသာမှု ရရှိစေရေးအတွက် ဆေးဘက်ဆိုင်ရာ (ဆရာဝန်၊ ဆေးရုံ စသည်များ) အကူအညီ ရရှိသည်အထိ ပြုစုခြင်း ဖြစ်ပါသည်။ (မှီငြမ်း ... အခြေခံရှေးဦးပြုစုနည်း စာအုပ်)

ရှေးဦးပြုစုခြင်းထဲက ကြွက်တက်ခြင်း Cramp?၊ အပူရှိန်ကြောင့် ပင်ပန်းခြင်း Extreme Heat? အပူရှပ်ခြင်းံHeatstroke နဲ့ အဖျားတက်ခြင်း Fever တို့နဲ့ ပါတ်သတ်ပြီး ပြုစုနည်းများကို တင်ပြရေးသား သွားပါမယ်။ လတ်တလောမှာ အဝေးကနေ ကူညီပေးနိုင်တာလေးတွေကို ကူညီပေးတာပါ။ အကျိုးရှိမယ်လို့ ယူဆရပါတယ်။

ကြွက်တက်ခြင်း Cramp
ကြွက်သားတွေ ပင်ပန်းစွာ အလုပ်လုပ်ရရင် ဥပမာ တာဝေး လမ်းလျှောက်ရင် ပြေးရင်၊ ရေကူးရင် ကြွက်တက်တတ်ပါတယ်။ ကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ ဆားဓါတ်တွေ လျှော့နည်းသွားရင် ဖြစ်တတ်သလို အစာအာဟာရဓါတ်များ ချို့တဲ့ လျှော့နည်းရင်လည်း ဖြစ်တတ်ပါတယ်။ နေပူထဲမှာ ပင်ပန်းကြီးစွာ အလုပ်လုပ်ရတဲ့အခါမှာလည်း ချွေးထွက်လွန်ပြီး ကြွက်တက်တတ်ပါတယ်။

ကြွက်တက်သူကို ဘယ်လို ပြုစုမလဲ ...
လူနာကို ပထမဦးဆုံး လှဲလျောင်းထားလိုက်ပါ။ ကြွက်တက်တဲ့ အစိတ်အပိုင်းကို လက်နဲ့ ဆုပ်နယ်ပေးပါ။ တာဝေး ခရီးရှည် အပြေးသမား လမ်းလျှောက်လာသူများ ကြွက်တက်ရင် လင်နမင်နဲ့ ပရုပ်ဆီ မလိမ်းသင့်ပါ။ ရေအေးအေး၊ ရေခဲကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ကြွက်တက်တဲ့နေရာကို ကပ်ပေးပါ။ ပြီးရင် လူနာကို အနားယူခိုင်းပါ။ ဆေးဘက်ဆိုင်ရာ အကူအညီ ယူခိုင်းပါ။





ပေါင်သလုံးရဲ့ အနောက်ဘက်မှာ ကြွက်တက်ရင် ကြွက်တက်တဲ့ ခြေထောက်ကို ပြုစုသူရဲ့ ထိုင်လျှက်အနေအထား ပခုံးပေါ်ကို ဖြောင့်ဖြောင့်တန်းတန်း တင်လိုက်ပါ။ ပြီးရင် ကြွက်တတ်တဲ့နေရာကို နှိပ်နယ်ပေးပါ။ ပေါင်ရဲ့ အရှေ့ဘက်မှာ ကြွက်တက်ရင် ဒူးကို ကွေးပြီး ထောင်ခိုင်းထားလိုက်ပြီး နှိပ်နယ်ပေးပါ။ ခြေဖ၀ါးမှာ ကြွက်တက်ရင် ခြေဖ၀ါးကို ပြုစုသူရဲ့ ပေါင်ပေါ်မှာ အနည်းငယ်မြှောက် တင်ပြီး နှိပ်နယ်ပေးပါ။ ခြေသလုံးမှာ ဖြစ်တယ်ဆိုရင် ဒူးနဲ့ ခြေသလုံးကို တပြေးတည်းထားပြီး နှိပ်နယ်ပေးပါ။

အပူရှိန်ကြောင့် ပင်ပန်းခြင်း Extreme Heat
ချွေးထွက်လွန်ရင် ကိုယ်ပူရှိန်တက်လာပြီး ရေဓါတ်ကုန်ဆုံးကုန်လို့ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ အဲဒါမျိုးဆိုရင် လူနာကို လေ၀င်လေထွက်ကောင်းတဲ့ အေးတဲ့နေရာမှာ ထားပါ။ ထူထဲတဲ့ အ၀တ်အစားတွေကို ဖယ်ရှားပေးပါ။ ပန်ကာ၊ ယပ်တောင်တို့နဲ့ လူနာကို သက်သာစေဖို့ လုပ်ဆောင်ပါ။ ရေပတ်တိုက်ပါ။ ရေအေး၊ ဓါတ်ဆားရည်တွေ တိုက်ပါ။ အကယ်လို့များ သတိမေ့သွားမယ် ဆိုရင် ဆေးရုံကို အမြန်ပို့ဆောင်ပါ။

အပူရှပ်ခြင်း Heatstroke
အပူရှပ်တဲ့အခါ လူနာက အပူချိန် ၁၀၆ နဲ့ ၁၀၇ ဒီဂရီအထိ ရှိတတ်ပြီး ချွေးခြောက်ခမ်းနေပါမယ်။ အပူရှပ်ခြင်းက လူကို သေစေနိုင်ပါတယ်။ အဲဒါကြောင့် ဂရုတစိုက် ပြုစုပေးဖို့ လိုအပ်ပါတယ်။

လူနာရဲ့ ထူထဲတဲ့အ၀တ်တွေကို ဖယ်ရှားပါ။ အသက်ရှု လေလမ်းကြောင်းတွေ ဖွင့်ထားပေးပါ။ အေးမျှတဲ့ နေရာကို ပြောင်းလို့ရရင် ပြောင်းပေးပါ။ လေကောင်းလေသန့်ရဖို့ အခန်းတံခါးတွေ ဖွင့်ထားပါ။ ရေအေး၊ ရေခဲရေတွေနဲ့ ကိုယ်ကို အဆက်မပြတ် ပွတ်တိုက်ပေးပါ။ ဦးခေါင်း၊ နဖူးတို့မှာ ရေခဲရေ ရေအေးအေး ဆွတ်ထားတဲ့ အ၀တ်ခေါက်ကို တင်ပေးထားပါ။ ကိုယ်အပူချိန် ၁၀၂ ဒီဂရီ ရောက်လာတဲ့အထိ ရေခဲဖတ် ဆက်လက်အုပ်ပေးပါ။ ရေအေးတွေနဲ့ ပွတ်တိုက်ပေးနေပါ။ အကယ်လို့ လူနာက အရေပြား အေးစက်လာပြီး ချွေးပြန်နေရင် ရေပတ်တိုက်တာကို ရပ်ပြီး ဓါတ်ဆားရည်တိုက်ပါ။ ဆေးဘက်ဆိုင်ရာ အကူအညီ တောင်းခံပါ။

အဖျားတက်ခြင်း Fever
ငှက်ဖျား၊ တိုက်ဖွိုက်နဲ့ အခြားအပူကြီး ရောဂါတွေကြောင့် အဖျားတက်စေပါတယ်။ လေကောင်းလေသန့်ရဖို့ အခန်းတံခါးတွေ ဖွင့်ထားပါ။ ထူထဲတဲ့ စောင်တွေ အ၀တ်တွေကို လူနာကိုယ်ပေါ်က ဖယ်ရှားပါ။ လူနာကို လေ၀င်လေထွက်ကောင်းတဲ့ အေးတဲ့နေရာမှာ ထားပါ။ ရေအေး၊ ရေခဲရေတွေနဲ့ ရေပတ်တိုက်ပါ။ အပူကြီးတဲ့သူဆိုရင် ရေငတ်ပြီး အာခြောက်တဲ့အတွက် ရေအေး၊ ဓါတ်ဆားရည်တွေ တိုက်ပါ။ နို့စို့ကလေးအရွယ် ဆိုရင် မိခင်နို့များများ တိုက်ပါ။ ဆေးအကူအညီ ရယူပါ။

နောက်ထပ် အသုံးဝင်မယ့် ရှေးဦးပြုစုနည်းတွေကို ဆက်လက်တင်ပြပေးပါမယ်။

Ref: First Aid Handbook by Anita Kerwin-Nye (UK)


July Dream

0 people have left comments

Commentors on this Post-