Winkabar

A lot of my thoughts...

ကျွန်မ နဲ့ ဤဘလော့

  • Posted: 8:15:00 PM
  • |
  • Author: Winkabar
  • |
  • Filed under: tag

ဟိုးအရင်တုန်းက ဘလော့မရေးခင်တုန်းက ဖိုရမ်တွေဝင်ဖတ်ဖြစ်တာများပါတယ်။
YAMC တို့ မြန်မာတီးရှော့တို့ပေါ့။ YAMC ကတော့အမြဲရောက်ဖြစ်ပါတယ်။ တီးရှော့ကတော့ တစ်ခါတစ်လေမှသွားဖြစ်တာပါ။ တစ်ရက်ကျတော့ တီးရှော့ကိုရောက်တော့ ဘလော့အကြောင်း
ပြောနေကြတယ်။ ဘလော့ကိုဘယ်လိုလုပ်ရမလဲ။ ဘလော့လုပ်ရင်ဘာတွေလိုလဲဆိုတာပြောနေကြတော့
ဝင်ဖတ်ဖြစ်ပြီး သူတို့ပြောသလိုစမ်းလုပ်ကြည့်လိုက်တယ်။ ဘာမှတော့အခက်အခဲမရှိခဲ့ပါဘူး။
ဘလော့စလုပ်ပြီးတော့မှ ဘလော့တွေကိုစဖတ်ဖြစ်ပါတယ်။ စစချင်းဖတ်ဖြစ်တာက အစ်မညလေးဘလော့ပါ။သူက တီးရှော့မှာဘလော့ကိုကောင်မလေးပုံလေးနဲ့ကြေညာထားတယ်လေ။ အဲဒါနဲ့စရောက်ဖြစ်သွားပြီးဘလော့ဆိုတာကိုစဖတ်ဖြစ်သွားပါတယ်။



နောက်တော့ ကိုစေတန် ရဲ့ဘလော့ကိုဖတ်ဖြစ်တယ်။ နည်းပညာအကြောင်းတွေကိုအသားပေးရေးတဲ့ ကိုစေတန် ရဲ့ဘလော့မှာပညာယူစရာတွေအများကြီးပါ။ စဖတ်တာနဲ့ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒါနဲ့ဟိုမွှေဒီမွှေ နဲ့ နှစ်ရက်တည်းနဲ့ ဘလော့တစ်ခုလုံးဖတ်လို့ကုန်သွားပါတယ်။ အဲမှာပဲဘလော့ရောဂါစတယ်ထင်တာပဲ။ ဖတ်လို့ပြီးတော့သူချိတ်ထားတဲ့လင့်တွေကနေတစ်ဆင့် တခြားဘလော့တွေတော်တော်များများ
ရောက်ဖြစ်သွားပါတယ်။ သူများဘလော့တွေလိုက်ဖတ်ပေမယ့် ကိုယ်တိုင်ရေးဖို့တော့စိတ်မကူးမိဘူး။ comment မှာကော cbox မှာကော မရေးဖြစ်ဘူး။ ကိုယ့်ဆီသူများလာမှစိုးလို့။ ကိုယ်ရေးထားတာသူများဖတ်မှာအရမ်း ကြောက်တယ်လေ။ နောက်တော့လည်းသွားရင်းနဲ့ သူများတွေ cbox တို့ comment တို့မှာပြောပြောဆိုဆို ဆိုတော့ ကြည့်ရင်းနဲ့အားကျလာပြီးတော့ ကိုစေတန် ရဲ့ cbox မှာရေးလိုက်တယ်။ တစ်ခုသိချင်လို့မေးလိုက်တာပါ။ သူကပြန်လိုက်လာပြီးတော့
ဖြေပေးတယ်။ နောက် အစ်မသိုးမလေးရောက်လာတယ်။ ပြီးတော့ရောက်လာတာက ကိုသင်္ကြန် နဲ့ ဦးစိုးထက် တို့။ အားလုံးကတော်တော်လေးနွေးနွေးထွေးထွေးရှိကြတာ အရမ်း
ဝမ်းသာမိတယ်။ ဒါနဲ့ပဲစပြီးတော့ဘလော့ကို သံယောဇဉ်စတွယ်မိသွားတယ်။ ဒီလိုနဲ့ပဲဘလော့လောကထဲမှာကျင်လည်ခဲ့တာပါ။

အွန်လိုင်းမြန်မာပြည်လို့တောင်တင်စားလို့ရနိုင်လောက်တဲ့ ဒီမြန်မာဘလော့လောကဟာနိုင်ငံရပ်ခြားမှာရောက်နေသူတွေအတွက်
ကတော့တန်ဖိုးမဖြတ်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုပါ။ အပြင်လောကမှာကတော့ နိုင်ငံခြားရောက်နေပေမယ့် ကွန်ပျူတာကိုဖွင့်လိုက်ပြီး ဘလော့ထဲကိုဝင်လိုက်တာနဲ့ မြန်မာပြည်ကိုပြန်ရောက်သွားသလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက်မေးထူးခေါ်ပြောနဲ့ အင်မတန်ပျော်စရာကောင်းပါတယ်။ အပြင်မှာဆိုအပေါင်းအသင်းသိပ်မရှိပေမယ့် ဘလော့ရေးရင်း မိတ်ဆွေတွေအများကြီးရလာပါတယ်။ သူငယ်ချင်းတွေကော၊အစ်ကိုတွေ အစ်မတွေကောနဲ့တော်တော်လေးကိုပျော်စရာကောင်းတဲ့
အသိုင်း အ၀ိုင်းတစ်ခုပါ။

ဒီအကြောင်းရေးဖို့ကိုပီကေ tag ထားတာကြာရောပေါ့။ တော်တော်ကြာမှရေးဖြစ်တာတောင်းပန်ပါတယ်နော်။ ကိုပီကေအပါအ၀င်ဘလော့စရေးချိန်ကစပြီး အခုအချိန်အထိ လာရောက်လည်ပတ်ကြသူများအားလုံး ကိုကျေးဇူးအထူးပါနော်။ အားလုံးပဲဘလော့ လောကလေးမှာ ကျင်လည်ရင်းပျော်ရွှင်နိုင်ကြပါစေ။

8 people have left comments

ပီကေ said:

ညီမလေး ပိစိရေ၊ သိချင်တာလေး ရေးပေးတာ ကျေးဇူးပါကွယ်။ စာမေးပွဲရှိလို့ နောက်ကျတယ်ဆိုတော့ ခွင့်လွတ်ပေးရမှာ ပေါ့ကွာ။ `ကိုယ့်ဆီသူများ လာမှာ စိုးလို့´ ဆိုတဲ့ စာကြောင်းကို ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်ကွ။ သူများ ဖတ်ရအောင် ဒီဘလော့ဂ်ပေါ် တင်တာ ဟုတ်ဘူးလားဟင်။ ဘာလို့ လာမှာ စိုးရိမ်တာလဲ ဆိုတာတော့ အတော်စိတ်ဝင်စားမိတယ်။ ယနေ့မှသည် နောက်နှစ်ပေါင်းများစွာ ဆက်လက် ဘလော့ဂ်နိုင်ပါစေလို့ .....

မေပျို said:

နှင်းနုရေ
သဲလည်း အစကတော့ ဒီလိုပဲသိလား။ အမေတို့ မဇင်တို့က အတင်းတိုက်တွန်းလို့ ရေးဖြစ်တာ။ သဲလည်း ကိုယ်ရေးထားတာ သူများဖတ်မှာ ရှက်တယ်။ ဟဲဟဲ။ ပျော်ရွှင်ပါစေနှင်းနုရေ။

နရစိုး said:

ငါပြောပါတယ် ..blog သူငယ်ချင်းများ တွေ့ဆုံပွဲလေး လုပ်ရအောင်လို့
ဖြစ်ကောင်းပါရဲ့ နော်

Anonymous

Anonymous said:

အမှတ်တရပေါ့ ညီမလေး... မ တော့ နောက်ဆို အားပေးသူသက်သက်ပဲ ဖြစ်တော့မယ် ထင်တယ်...
အေးချမ်းသူ

Anonymous

Anonymous said:

သူများတွေဖတ်မှာမကြောက်ပါနဲ့ ညီမလေးရယ်။
ညီမလေးရဲ့ပို့စ်တွေမှာ စာဖတ်သူကိုတစ်ခုခုတော့ ပေးလိုက်နိုင်ပါတယ်။

Mintasay said:

ညီမပျော်တယ်ဆို အကိုဝမ်းသာပါတယ်ဗျာ

Anonymous

Anonymous said:

မင်္ဂလာပါ ၀င်္ကပါရေ ညလေးဘလော့ဂ်ကို စဖတ်ဖြစ်တာဆိုလို့ ၀မ်းသာပါတယ်။ ကျေးဇူးပါနော်။ အမြဲတမ်း လက်တွဲသွားကြတာပေါ့။ :)

Winkabar said:

ပီကေ> ကိုပီကေကိုလည်းကျေးဇူးပါနော်။ ဒီလိုပဲလေ။ ဟဲဟဲ။

မေပျို> ကျေးဇူးပါနော်သဲ။ သဲလည်းပျော်ရွှင်ပါစေ။

နေမိုးကြယ်> တစ်နေ့ကျရင်ပေါ့။ ရေစက်ရှိရင်ဖြစ်နိုင်ပါတယ်။

အေးချမ်းသူ> အားရင်တော့ရေးပေါ့နော်အစ်မ။ ပျော်ပျော်ရွှင်ရွှင်စည်စည်ကားကားပေါ့။ ကျေးဇူးပါနော်အစ်မ။

tu tu> ကျေးဇူးပါနော်အစ်မ။ အဲလိုမျိုးကြားရတာဝမ်းသာပါတယ်အစ်မရယ်။

mintasay> ဟုတ်ကဲ့ပါအစ်ကိုရေ။ ကျေးဇူးနော်။

ညလေး>မင်္ဂလာပါအစ်မရေ။ ဟုတ်ကဲ့ပါအစ်မ။ လက်တွဲသွားကြတာပေါ့။ ကျေးဇူးပါနော်။