Winkabar

A lot of my thoughts...

လက်တွဲဖော်

  • Posted: 5:07:00 AM
  • |
  • Author: Winkabar
  • |
  • Filed under: tag

ဒီခေါင်းစဉ်နဲ့ ဖေဖော်ဝါရီတုန်းက ဘလော့ဂါတော်တော်များများ tag ကြပြီး ရေးပြီးကြပါပြီ။ ကျွန်မကိုလည်း မဆုဝေက tag ထားတာ အဲဒီအချိန်ကတည်းကပေါ့။ မအားတာနဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့ အခု မ s0wha1 က ထပ် tag ပြန်ပါတယ်။
Tag ပြီဆိုမှတော့ ရေးရပြီ။ အချိန်ကြာသွားတာကိုတော့ စိတ်မဆိုးပါဘူးနော်။

လူတိုင်းဟာ ဘ၀အတွက် လက်တွဲဖော်ဆိုတာလိုအပ်ကြတယ်။ ငယ်ရွယ်စဉ်အချိန်မှာ မိသားစုနဲ့နေကြပေမယ့် ကြီးလာတဲ့အခါ သူ့လမ်းကို သွား ကိုယ့်လမ်းကိုသွားဆိုတဲ့ အချိန်ကျရင် ကိုယ့်ရဲ့ဘေးနားမှာ ကိုယ်နဲ့ တစ်ဘ၀လုံးလက်တွဲသွားမယ့် သူတစ်ယောက်လိုအပ်လာပါပြီ။ အဲလိုမျိုးလက်တွဲသွားဖို့လူတစ်ယောက်ဟာ ကိုယ့်ရဲ့ တစ်ဘ၀လုံးနဲ့သက်ဆိုင်နေပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု ကံကောင်းမှု ကံဆိုးမှု အားလုံးဟာ ကိုယ်ရွေးချယ်လိုက်တဲ့ အဲဒီလက်တွဲဖော်အပေါ်မှာ မူတည်သွားပါတယ်။ အဲလိုမျိုးတစ်ဘ၀လုံးလက်တွဲသွားရမယ့် လက်တွဲဖော်တစ်ယောက်ကိုရွေးချယ်တဲ့အခါမှာ ကျွန်မအတွက်တော့ ဒီလိုအချက်တွေနဲ့ ရွေးချယ်မယ်လို့စဉ်းစားထားပါတယ်။ စိတ်ကူးထဲက လက်တွဲဖော်ပေါ့။

ပထမဆုံးအနေနဲ့ကတော့ ကိုယ့်အပေါ်မှာ နားလည်မှုပေးနိုင်တဲ့လူမျိုးဖြစ်ရပါမယ်။ နားလည်မှုပေးနိုင်ပြီး စကားပြောရင်အပေါက်အလမ်းတည့်မယ် အတိုင်အဖောက်လည်းညီတဲ့လူမျိုးပေါ့။ ကိုယ်က တစ်ခွန်းပြောတိုင်း တစ်ခွန်းအထအနကောက်နေတဲ့လူမျိုးဆို တအားမုန်းပါတယ်။ ဒီတော့ ကိုယ်နဲ့ တစ်ဘ၀လုံးလက်တွဲသွားရမယ့် သူက ကျွန်မနဲ့ အများအားဖြင့် နေရာတကာမှာ သဘောထားချင်းမတိုက်ဆိုင်သော်လည်း ကိုယ့်အမြင်သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်လို့ကောင်းမယ့် လူတစ်ယောက်ဖြစ်ရပါမယ်။

ဘာသာရေးအနေနဲ့ကတော့ ကိုယ့်နဲ့ဘာသာတူတဲ့လူတစ်ယောက်ဖြစ်ရမယ်လို့တော့ စဉ်းစားထားပါတယ်။ ကိုးကွယ်တဲ့ဘာသာတူမှလည်း အမြင်တွေ အလုပ်အကိုင် အတွေးခေါ်တူမယ်။ ပြီးတော့လည်း ဘာသာတူတဲ့လူမှလည်း မိဘတွေက သဘောတူမှာပါ။ ငယ်ငယ်ကတည်းက မိဘတွေက ဘာသာမတူတဲ့လူတွေရဲ့ အိမ်ထောင်ရေးတွေကို ဥပမာပြပြီး ဘာသာမတူရင် ကိုယ်ပဲဒုက္ခရောက်မယ်ဆိုပြီးဆုံးမလေ့ရှိပါတယ်။ ဘာသာမတူပဲနဲ့ အဆင်ပြေနေကြတဲ့ အိမ်ထောင်ရေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက မိဘတွေကအမြဲပြောပြေနေတဲ့ ဘာသာရေးမတူရင် သူ့အသိုင်းအ၀ိုင်း ကိုယ့်အသိုင်းအ၀ိုင်း ၀ိုင်ဆန့်ဖို့ခက်တယ်။ နှစ်ဖက်ညှိရတာ အဆင်မပြေဘူး။ ဘာသာရေးတူတဲ့ အိမ်ထောင်တွေထက်စာရင် ပိုပြီးခက်ခဲတယ်ဆိုတဲ့ အယူအဆတွေက ခေါင်းထဲမှိာ စွဲနေတော့ ကြီးလာလို့ အိမ်ထောင်ပြုရင် ဘာသာတူတဲ့လူကိုပဲရွေးမယ်လို့ စဉ်းစားထားပါတယ်။

အသက်အရွယ်ပိုင်းကျတော့ ကိုယ့်ထက်ငယ်တဲ့လူမဟုတ်ပဲ ကိုယ်နဲ့ ရွယ်တူ မဟုတ်ရင် ၄ ၅ နှစ်လောက် ကြီးတဲ့လူတစ်ယောက်ဖြစ်ရပါမယ်။ ကိုယ်နဲ့ အသက်က မတိမ်းမယိမ်းဆိုရင် လောကကြီးအပေါ်အမြင်တွေ ခေတ်ကာလ အတွေးအခေါ်တွေက ယေဘုယျအားဖြင့်တူနိုင်တယ်လေ။ အဲတော့ ညှိနှိုင်းရတာ ပိုပြီးတော့ အဆင်ပြေမလားလို့။ ငယ်တဲ့လူမဖြစ်ရဘူးဆိုတာကတော့ ကျွန်မအနေနဲ့ကိုယ့်ထက်ငယ်တဲ့ယောက်ျားတစ်ယောက်ကို ဘယ်လိုမှ လက်တွဲဖော်အဖြစ်ပုံဖော်ကြည့်လို့မရလို့ပါ။ ဒါကလည်း အစွဲအလန်းတစ်မျိုးပဲထင်တယ်နော်။

ပညာရေးမှာကတော့ အတိုင်းအတာတစ်ခုအထိကျောင်းပြီးထားတဲ့လူတစ်ယောက်ပေါ့။ ဘွဲ့ပါရထားရင်တော့ အကောင်းဆုံးပေါ့။ ဒါမှလည်း မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးကို တာဝန်ယူနိုင်မှာလေ။ :D

ရုပ်ရည်အတွက်ကျတော့ အရမ်းကြီး ရုပ်ဆိုးတဲ့လူတစ်ယောက်မဟုတ်ရင် ကျေနပ်ပါပြီ။ အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးမဟုတ်ပေမယ့် သာမန်ရုပ်ရည်မျိုးရှိတဲ့လူမျိုးကိုတော့ လိုချင်ပါတယ်။
အသောက်အစားကတော့ လုံးဝကင်းရှင်းတဲ့လူဆိုတာတော့ မရှိဘူးထင်တယ်။ အဓိကကတော့ ဆေးလိပ်သောက်တဲ့လူမဖြစ်ရပါဘူး။ အသောက်အစားကျတော့ ဘာသာတူတဲ့လူကို ရွေးမယ်ဆိုရင်တော့ အရက်ကတော့ သောက်မှာမဟုတ်ဘူး။ ကျန်တာကတော့ အလွန်အကျူးမဟုတ်ဘူး၊ ပြောလို့တားလို့ရမယ့် အနေအထားမျိုးဆိုရင် တော်ပါပြီ။

နောက်ဆုံးအနေနဲ့ကတော့ အိမ်ထောင်တစ်ခုလုံးကို ဦးဆောင်ရမယ့် ယောက်ျားလေးတစ်ယောက်အနေနဲ့ အရာအားလုံးမဟုတ်ရင်တောင် ကိစ္စတော်တော်များများမှာ တာဝန်ယူဦးဆောင်နိုင်တဲ့လူတစ်ယောက်ဖြစ်ရပါမယ်။
နေရာတကာ သူ့ကိုပဲ လုပ်ခိုင်းတာမျိုးမဟုတ်ပေမယ့် နေရာတော်တော် များများ မှာ တာဝန်ယူနိုင်တဲ့ယောက်ျား မျိုးကိုတော့လိုချင်ပါတယ်။ ဒါမှလည်းကိုယ်တိုင် နေရာတကာ မဦးဆောင်ရမှာလေ။ :P
ဒါတွေကတော့ ကျွန်မရဲ့ စိတ်ကူးထဲက လက်တွဲဖော်ရဲ့ ပုံစံပေါ့။ ဒါမျိုးလူနဲ့ ဖူးစာပါမယ် မပါဘူးဆိုတာကတော့ ကံပဲ။
စိတ်ကူးကတော့ ယဉ်လိုက်ပြီ။

Tag ထားတဲ့ မဆုဝေ နဲ့ မဆိုးဝှက် တို့လည်း ကျေနပ်ကြမှာပါနော်။

5 people have left comments

Nyein Chan Aung said:

ဘယ်လိုလူမျိုးကို လက်တွဲဖော်အဖြစ် ရည်ရွယ်ထားတယ်ဆိုတာကို သိရပါပြီ။ အိပ်မက်တွေအမှန်တကယ်ဖြစ်လာပါစေနော်။ လောလောဆယ်တော့ စာကျက်လိုက်ဦး ပိစိရေ။

pandora said:

စဉ်းစားထားပုံလေးတွေက လက်တွေ့ကျပါတယ်။ ကောင်းတယ်။
ကံကောင်းပါစေ ၀င်္ကပါရေ။

စိုးထက် - Soe Htet ! said:

အဆင်ပြေ ပါစေဗျာ ... :)

nu-san said:

ဝင်္ကဘာလေးရေ...ရေးတတ်လိုက်တာ..ညီမလေးစိတ်ကူး ထဲက လက်တွဲဖော်နဲ့တွေ့ရပါစေ..ညီမလေးစဉ်းစားတာ တွေက တကယ်လက်တွေ့ကျတယ်။ င့ါညီမလေးကံကောင်းပါစေ.. :)

မျှားပြာ said:

ဝင်္ကပါရေ ... ဆန္ဒနဲ့ ဘ၀ လက်တွေ့ ကျပါစေဗျာ ..