Winkabar

A lot of my thoughts...

မွေးနေ့ဆိုတာ..

  • Posted: 5:57:00 AM
  • |
  • Author: Winkabar

နှစ်စဉ်နှစ်တိုင်းလူတွေက ကိုယ်မွေးတဲ့နေ့ရောက်လို့ရှိရင် မွေးနေ့ပွဲတွေကျင်းပကြတယ်။ အသက်တစ်နှစ်ကြီးတာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ တကယ်တော့ မွေးနေ့ရဲ့ အဓိပ္ပာယ်ကဘာလဲ။ သူ့ရဲ့ အဓိပ္ပာယ်က တစ်နှစ်ကြီးလာတာကိုဂုဏ်ပြုတာထက်တော့ပိုပါတယ်။ လူတစ်ယောက်မွေးလာပြီဆိုရင် အဲဒီလူရဲ့မိသားစု၊ သူ့ရဲ့ အသိုင်းအဝိုင်း၊ ဆွေမျိုးသားချင်းတွေ အားလုံးကဝိုင်းပြီးတော့ အသိအမှတ်ပြုရတယ်။ ဟာ.. ဒီတစ်ယောက်တော့လောကထဲကိုရောက်လာပြီပေါ့။ သူမွေးလာပြီဆိုကတည်းက သူ့အသိုင်းအဝိုင်းကလူတွေဟာ အရင်က သူတို့မလုပ်ဖူးတဲ့အလုပ်တွေလုပ်လာရတယ်။ မိဘဆိုရင် ကလေးထိန်း၊ ကလေးအတွက်ပိုက်ဆံရှာ၊ ကလေးအတွက် ရည်မှန်းချက်တွေထား၊ ဆွေမျိုးသားချင်းတွေကျပြန်တော့လည်း သူတို့အသိုင်းအဝိုင်းထဲကို အသစ်ဝင်လာတဲ့လူတစ်ယောက်နဲ့ပတ်သက်ပြီးတော့ မိဘတွေနဲ့အတူတူပဲ စိတ်ကူးတွေယဉ်ကြတယ်။ ဥပမာ။ ။ ဒီကလေးကြီးလာလို့ ပညာတတ်ဖြစ်ရင် ငါတို့အမျိုးဂုဏ်တက်တယ် ဘာညာပေါ့။ ဒီလို လူတစ်ယောက် လောကကြီးထဲစရောက်လာတယ်ဆိုကတည်းက သူ့ဘေးပတ်ဝန်းကျင်ကလူတွေက သူ့အပေါ်မှာမျှော်လင့်ချက်တွေစထားကြတာပေါ့။ တစ်နှစ်ထက်တစ်နှစ်သူကြီးလာတဲ့အခါကျတော့လည်း သူတို့ရဲ့မျှော်လင့်ချက်တွေက ပိုပိုပြီးတော့ ကြီးလာပြန်ရော။ ဘာလို့လဲဆိုတော့ သူတို့ဒီကလေးပေါ်မှာမျှော်လင့်ထားတဲ့ကိစ္စက ဖြစ်ဖို့နီးကပ်လာပြီလေ။ သူတို့ရဲ့မျှော်လင့်ချက်က ကလေးတစ်နှစ်ပြည့်သွားတဲ့အခါမှာ မသေသွားပါဘူး။ အဲဒီကလေးအသက်တစ်နှစ်ပြည့်တိုင်း တစ်နှစ်ပြည့်တိုင်း သူတို့ရဲ့ မျှော်လင့်တဲ့စိတ်တွေကလည်း အဲဒီကလေးနဲ့ အတူအသက်တွေကြီးလာခဲ့တယ်။ ဒါဟာ အဲဒီကလေး ဒီလောကထဲမှာရှိနေတာကို အသိအမှတ်ပြုတဲ့သဘောပေါ့။ ဒီလူသူ့ကို အသိအမှတ်ပြုတဲ့လူတွေရှိနေလို့လည်း အဲဒီကလေးရဲ့ ဘဝက ပြည့်စုံလာတာမဟုတ်လား။ သူမွေးလာကတည်းက လက်ကမ်းကြိုဆိုမယ့်လူတွေမရှိဘူးဆိုရင် အဲဒီလူရဲ့ဘဝဟာ ဘယ်လောက်တောင်မှ ဝမ်းနည်းစရာကောင်းလိုက်မလဲ။ အဲဒီလို သူ့ကို အသိအမှတ်ပြုတဲ့ သူ့အပေါ်မှာ မျှော်လင့်ချက်တွေရှိနေတဲ့ လူတစ်သိုက် ဒီလောကကြီးမှာရှိတယ်ဆိုတာကို ပြဖို့အတွက် လူတွေက နှစ်စဉ်နှစ်တိုင်း ကိုယ်မွေးတဲ့နေ့ကိုရောက်ရင် "မွေးနေ့" ဆိုတာကို ကျင်းပကြတာပဲ။ မွေးနေ့ဆိုတာ ကိုယ့်အတွက်ပွဲဆိုပေမယ့် သူများတွေက ကျင်းပပေးမှ ပျော်ရတာမဟုတ်လား။ ကိုယ်က မွေးနေ့ပွဲလုပ်ဦးတော့ လာမယ့်လူမရှိရင် အဲဒီပွဲကမဖြစ်တော့ဘူးလေ။ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ နင်တို့ငါတို့က သိပ်ခင်ကြတာတဲ့။ အဲတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့မွေးနေ့ကိုမှတ်ထားဖို့ဆိုတာက အရေးမကြီးဘူးတဲ့။ မွေးနေ့မသိလည်း ခင်တယ်ဆိုတာ သိတယ် သူပြောချင်တာက အဲဒါလေ။ ဒါက သူပျင်းလို့ပြောတဲ့စကားနေမှာပေါ့။ ကိုယ့်သူငယ်ချင်းတွေ ကိုယ်ခင်တဲ့လူတွေက ကိုယ့်မွေးနေ့ကိုမေ့တာလောက်ဝမ်းနည်းစရာကောင်းတာမရှိဘူးထင်တယ်။ ပြောမယ့်သာပြောရတာ။ ကျွန်မလည်း သူတို့မွေးနေ့ကို မမှတ်မိဘူး။ သူတို့တွေရဲ့ မွေးနေ့က နွေရာသီမှာလေ။ နွေရာသီဆို သူငယ်ချင်းတွေက အသွားအလာသိပ်မရှိကြတော့ မွေးနေ့ကိုလည်း သတိမထားမိဘူး။ မွေးတဲ့လကိုတော့သိတယ်။ ရက်ကိုမသိဘူးဖြစ်နေတာ :P ။

ကိုယ့်ရဲ့မွေးနေ့မှာ ကိုယ့်မွေးနေ့ကို ဘယ်သူမှမမှတ်မိဘူး ဘယ်သူကမှလည်းအသိအမှတ်မပြုပေးကြဘူးဆိုရင် အဲဒီလူရဲ့ မွေးနေ့က ဘာမှအဓိပ္ပာယ်မရှိတော့သလိုပါပဲ။ ဒီတော့ ကိုယ့်မိတ်ဆွေတွေရဲ့ မွေးနေ့တွေကို မမေ့အောင်ကြိုးစားကြပါ။ ဒီလူတစ်ယောက်ကို တစ်နှစ်ပတ်လုံးမခေါ်မပြောဖြစ်ဦးတော့ မွေးနေ့ကျရင် Happy Birthday လို့ပြောလိုက်တာဟာ သူ့အတွက် ပျော်စရာတစ်ခုပါပဲ။ ပိုက်ဆံနဲ့ပေးလို့မရတဲ့လက်ဆောင်တစ်ခုပေါ့။ မွေးနေ့ဆိုတာ မိတ်ဆွေအပေါင်းအသင်းတွေအတွက် လောကကြီးထဲကိုရောက်လာတဲ့ အဲဒီမွေးနေ့ရှင်ကို မင်း.. ဒီနေ့ ဒီလောကထဲရောက်လာတာ ဘယ်နှ နှစ်တော့ရှိသွားပြီ။ မင်းဘေးနားမှာ ငါတို့ ငါတို့တွေရှိတယ်။ အမြဲတမ်းအထောက်အပံ့အနေနဲ့။ ငါတို့အားလုံးဟာ ဒီလောကကြီးထဲမှာ အတူတကွရှင်သန်နေကြတယ်။ လောကဓံတရားကို အတူတူခံစားရင်းနဲ့ပေါ့ ဆိုပြီးပြောနေသလို မွေးနေ့ရှင်အတွက်ကလည်း ဟာ.. ငါ့အသက်က ဘယ်နှ နှစ်တောင်ရှိသွားပါလား။ ငါဒီလောကထဲကိုရောက်တဲ့အချိန်တွေမနည်းတော့ဘူး။ ငါ ငါ့မိဘအတွက်ဘာတွေပြန်လုပ်ပေးပြီးပြီလဲ။ ငါ့ဆွေမျိုးသားချင်းတွေ နောက်တခြားလူသားတွေ သူတို့တွေအတွက် ငါဘာအကျိုးပြုပြီးပြီလဲ။ အဓိကအရေးအကြီးဆုံးက ငါ့ကိုယ်ငါကော ဘာတွေလုပ်ပေးပြီးပြီလဲ။ တစ်နှစ်ထက်တစ်နှစ် ငါတိုးတက်လာတာလား။ ဆုတ်ယုတ်သွားတာလား ဆိုပြီးဆန်းစစ်ရတဲ့နေ့ဆိုလည်းမမှားပါဘူး။ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာတယ်ဆိုရင်တော့ ရှေ့လျှောက်ဒီလမ်းအတိုင်းဆက်သွားရင် အောင်မြင်လာမယ်။ အဲလိုမဟုတ်ပဲ ဆုတ်ယုတ်ခဲ့မယ်ဆိုရင်တော့ ငါလုပ်နေ ကိုင်နေတာတွေ ဘာတွေမှားနေလို့လဲ။ ဘာတွေပြောင်းလဲဖို့လိုနေလဲ ဆိုတာကိုပြန်စဉ်းစားပြီးတော့ ပြင်ဆင်ရမှာပါ။ ဘာပဲဖြစ်ဖြစ် လူဆိုတာကိုယ်လျှောက်လှမ်းခဲ့တဲ့ ခြေရာတွေကို ပြန်လှည့်ကြည့်တဲ့အခါ ဂုဏ်ယူချင်ကြတာပဲမဟုတ်လား။ နှစ်စဉ်နှစ်တိုင်း ကိုယ့်မွေးနေ့ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မယ် မှားနေရင်ပြင်မယ် လမ်းမှန်ကို ရွေးလျှောက်ဖြစ်မယ်ဆိုရင်တော့ ကိုယ့်ဘဝရဲ့ အတိတ်ကို ဘယ်အချိန်ပဲပြန်လှည့်ကြည့်ကြည့် ငါအောင်တယ်ကွ ဆိုပြီး ပြောနိုင်မှာ မလွဲမသွေပါပဲ။

မွေးနေ့ရဲ့အဓိပ္ပာယ်ဆိုတာဒါပဲပေါ့။ ကိုယ့်ကိုယ်ကို သုံးသပ်ဖို့၊ ပြင်ဆင်ဖို့ နောက်ပြီး သူများတွေက ကိုယ်ဒီလောကမှာရှိနေတာကို သတိရလား မရလားဆိုတာကို ဆန်းသပ်ရတဲ့နေ့တစ်နေ့ :P ။

ကိုယ့်မိတ်ဆွေတွေ အသိတွေရဲ့ မွေးနေ့တွေကို တတ်နိုင်သလောက်မှတ်သားထားပြီး မွေးနေ့ရောက်ရင် Happy Birthday လောက်တော့ ပြောဖို့ဝန်မလေးပါနဲ့။ ကိုယ်သူ့ကို appreciate လုပ်တယ်ဆိုတာ အဲဒီလူသိနိုင်အောင်လုပ်ပါ။ ဘယ်သူမဆို ကိုယ့်မွေးနေ့မှာ လူများများက Birthday Wish လုပ်တာကိုတော့ ခံချင်ကြတာချည်းပဲမဟုတ်လား။

အောက်တိုဘာ (၅)ရက် နေ့ရဲ့ မွေးနေ့ရှင်တစ်ယောက်အတွက် အမှတ်တရ။

5 people have left comments

Anonymous

Anonymous said:

မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခု၏ သက်တမ်း (သို့) မွေးနေ့
ကျနော်တင်ထားတဲ့ ပို့စ်လေးပါ။
အခြားတစ်ဖက်မှ ဆင်ခြင်ကြည့်ပရန်မျှသာပါ။
အောက်တိုဘာ ငါးရက်နေ့ရဲ့ မွေးနေ့ရှင်ကို မွေးနေ့ကဒ်လှလှလေးတွေထဲမှာ ပါတဲ့ ဆုတောင်းလှလှ လေးတွေအတိုင်း ဆုတောင်းပေးလိုက်ပါတယ်။

Anonymous

Anonymous said:

မွေးနေ့မှာ ကိုယ့်ကို မွေးထုတ်ပေးလိုက်တဲ့ ကျေးဇူးရှင် မိဘ ၂ ပါးကို သတိရဖို့က အဓိကပဲ .. ဟက်ပီးဘတ်ဒေး ဘာညာသာရကာက အပေါ်ယံတွေ ..
မိဘကို သတိရပြီး မိဘစကား နားထောင်၊ မိဘကို လုပ်ကျွေးပြုစုရင် ဘ၀တသက်တာလုံး ဘယ်သူမှ ဟက်ပီးဘတ်ဒေး မပြောလဲ ပျော်ရွှင်စရာ မွေးနေ့ တွေ ... ပျော်ရွှင်စရာ နေ့ရက်တွေ ကြုံရမှာပဲ ... စိတ်ချ။

ရွှန်းမီ said:

ဟုတ်တယ်။ သူငယ်ချင်း တစ်ယောက်အနေနဲ့ မွေးနေ့မှာတော့ နှုတ်ဆက်သင့်တာပေါ့နော် =) သတိရမယ် ဆိုရင်လေ..
အနေဝေးလို့ မခေါ်မပြောဖြစ်ပေမယ့် သတိရတဲ့ အကြောင်း ပေါ့။

Anonymous

Anonymous said:

အဲ.. မဗေဒါလဲ မွေးနေ့တွေမမှတ်မိဘူးရှင်.. ကိုယ့်မိသားစုမွေးနေ့တောင်မမှတ်မိဘူး.. အဲလိုညံ့တာ.. သူငယ်ချင်းမွေးနေ့တွေဆို လွယ်တာတွေကလွဲလို့ နဲနဲခက်တာနဲ့ အကြိမ်ကြိမ်မှတ်လဲမမှတ်မိဘူး.. ညီမပြောသလိုပဲ.. သူတို့လဲ birthday wish လိုချင်မှာပဲနော်.. စိတ်ဆိုးတဲ့သူငယ်ချင်းတွေရှိရင်တော့ ဖုန်းကပြက္ခဒိန်မှာ သံပတ်ပေးထားလိုက်တယ်.. ဟဲ..

Anonymous

Anonymous said:

ကျွန်တော်ကတော့ မွေးနေ့ရောက်တိုင်း “အသက်ကတော့ တစ်နှစ်ကြီးလာပြီ၊ တစ်နှစ်စာ ပိုပြီး ရင့်ကျက်လာခဲ့ပြီလား” ပြန်စစ်ဆေးလေ့ရှိတယ်။ အသက်နဲ့အမျှ ရင့်ကျက်ချင်တာကိုး။ ဒါမှလည်း လူဖြစ်ကျိုးနပ်မယ်လို့ ယူဆတယ်လေ..