Winkabar

A lot of my thoughts...

Mole Day

  • Posted: 10:18:00 AM
  • |
  • Author: Winkabar



၉ တန်း ၁၀ တန်းတုန်းကကျက်ခဲ့ရတဲ့ တန်ဖိုးတစ်ခုကို လူတိုင်းမှတ်မိကြမယ်ထင်ပါတယ်။ သေချာမမှတ်မိရင်တောင်မှ နည်းနည်းပေါ့။ အဲဒါကဘာလဲဆိုတော့ 1 mole မှာရှိတဲ့ molecule အရေအတွက်ပါ။ 6.02 X 10^23 ဆိုတာပါ။ သူ့ကို Avogardo's Number လို့လည်းခေါ်တယ်။ 10^23 ကို အမေရိကန်တွေ ရက်စွဲရေးတဲ့ပုံနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ (၂၃) ရက်နေ့ပေါ့။ ဒီအောက်တိုဘာ (၂၃) ရက်နေ့ကို Mole Day ဆိုပြီးတော့ ကျင်းပကြတယ်။ သူက unofficial holiday ပါ။ ဓာတုဗေဒ ပညာရှင်တွေကသာဒီနေ့ကိုကျင်းပကြတာပါ။ သူ့ရဲ့ တန်ဖိုးက 6.02 X 10^23 ဆိုတော့ Mole Day ကအောက်တိုဘာ (၂၃) ရက်နေ့ရဲ့ မနက် ၆နာရီ ၂ မိနစ်ကနေ ညနေ ၆ နာရီ ၂ မိနစ်အထိပါတဲ့။ သူတို့မလို့ ကြံကြံဖန်ဖန်တွေးတတ်တယ်။ တစ်ခါမှတော့ ဒီလိုနေ့မျိုးရှိတာကိုမကြားဖူးဘူး။ အခု Chemistry
အခန်းယူမှပဲ သိတော့တယ်။ ဘာပဲပြောပြောစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။


Today is Mole Day; let's think about Chemistry all day. :P


အချစ်ဆိုတာ

  • Posted: 9:05:00 PM
  • |
  • Author: Winkabar
  • |
  • Filed under: tag

အချစ်ဆိုတာ ခံစားချက်ကိုပြင်းထန်စေတဲ့ အရာတစ်ခုပါ။ လူတွေဟာ အချစ်ကိုစစချင်းတွေ့ရှိသွားတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ခံစားမှုအားလုံးကို အချစ်အပေါ်မှာပုံအပ်လိုက်ကြတယ်။ အချစ်က ပျော်စရာပေးရင် အစွမ်းကုန်ပျော်လိုက်တယ်။ အချစ်က ဝမ်းနည်းစရာတွေပေးလာပြန်ရင်လည်း အစွမ်းကုန်ဝမ်းနည်းလိုက်ကြတယ်။ အချစ်ကိုဦးစားပေးထားတဲ့ဒီလိုအချိန်မှာ ဘေးပတ်ဝန်းကျင်က ဘယ်လိုစကားတွေပဲပြောပြော ဘယ်လိုသတိပေးချက်တွေကိုပဲဆိုဆို လျစ်လျူရှူထားခဲ့ကြတယ်။ အချစ်က ကိုယ့်ကို လိမ်နေတာကို သိနေရင်တောင်မှ အမှန်တရားကို ဖုံးကွယ်ပြီး မုသားစကားတွေ အမှန်လို့တထစ်ချယုံကြည်ပြီးတော့ အချစ်ခေါ်ရာနောက်ကို တကောက်ကောက်ပါအောင်လိုက်လာခဲ့ကြတယ်။ ကိုယ်ရတဲ့အချစ်က အစစ် ဟုတ်လားမဟုတ်လားဆိုတာကို ဆန်းစစ်မှုမရှိပဲနဲ့ပေါ့။ အဲဒါကြောင့်လူတွေကပြောကြတယ် အချစ်မှာမျက်စိမရှိဘူးတဲ့။ ကံကောင်းတဲ့လူတွေကျတော့ အဲဒီလိုအချစ်က သူ့တို့အတွက် တစ်သက်တာအတွက် တကယ့်အချစ်စစ်ဖြစ်သွားပြီးတော့ တစ်ဘဝလုံးအားကိုးစရာဖြစ်သွားကြတယ်။ တစ်သက်လုံးအချစ်ကြောင့်ပျော်ရွှင်သွားကြရတယ်။ ကံမကောင်းတဲ့လူတွေကျပြန်တော့ သူတို့အဲဒီလို ယုံယုံကြည်ကြည်နဲ့ မျက်စိစုံမှိတ်ပြီးလိုက်လာတဲ့ခဲ့တဲ့အဲဒီအချစ်က တကယ့်အစစ်မဟုတ်ဘူးဆိုတာကို လမ်းရဲ့တစ်နေရာကိုရောက်တော့မှ သိလာကြတယ်။ အဲဒီလိုလည်းသိလာရော သူတို့ရဲ့ မျက်စိတွေပွင့်သွားတာပေါ့။ အမြင်တွေရှင်းသွားတော့ ရှေ့ဆက်ဖို့လမ်းကိုကြည့်လိုက်တော့ အဲဒီလမ်းက အပိတ်ခံလိုက်ရတာကိုတွေ့လိုက်ရတယ်။ ဒါနဲ့ပဲ မထူးပါဘူး။ နောက်ပြန်လှည့်မယ်ဆိုပြီးလှည့်လည်းကြည့်လိုက်ရော သူလာခဲ့တဲ့လမ်းက တော်တော် ခရီးရောက်နေပြီဆိုတာကိုတွေ့လိုက်ရတယ်။ အလာတုန်းကလည်း ဂရုမစိုက်မိပဲနဲ့ သူများလမ်းပြတဲ့နောက်ကိုလိုက်လာခဲ့တာဆိုတော့ အပြန်လမ်းကိုမမှတ်မိကြတော့ဘူး။ ဒီလိုနဲ့ပဲ ငါသူ့ကို ဘယ်လိုလုပ်များချစ်မိသွားပါလိမ့်။ ငါဘယ်လိုများဖြစ်ရတာပါလိမ့်။ ဒီလမ်းကို ငါဘာလို့များရွေးချယ်ခဲ့တာပါလဲ။ ဆိုတဲ့ မေးခွန်းတွေထွက်လာတော့တာပေါ့။ အဲလိုနဲ့ပဲ ရှေ့ဆက်လည်းတိုးလို့မရ၊ နောက်လည်းဆုတ်လို့မရတော့ပဲ လမ်းတစ်ဝက်မှာ ပိတ်မိနေတယ်။ ကိုယ်က ယုံကြည်ပြီး လျှောက်ခဲ့တဲ့လမ်းက တကယ့်တကယ် မရှိမှန်းလည်းသိလိုက်ရရော မျှော်လင့်ချက်တွေအားလုံးရိုက်ချိုးခံလိုက်ရသလိုဖြစ်သွားတယ်။ တော်ရုံတန်ရုံရှေ့ဆက်ဖို့အတွက် စဉ်းစားလို့မရကြတော့ဘူး။ အမြင်တွေဝေဝါးပြီး လမ်းပျောက်ကုန်ကြတယ်။ အဲဒီလိုခံစားရတာကို လူတွေက အသည်းကွဲတယ်လို့ တင်စားကြတယ်။ အသည်းကွဲတဲ့လူတွေထဲက တချို့က အချိန်အတိုင်းအတာတစ်ခုကြာလာတော့ အားစိုက်ပြီး ရှေ့ဆက်ဖို့လမ်းတစ်လမ်းကိုဖောက်လိုက်ကြတယ်။ ဒီအဖြစ်အပျက်ဆိုးကြီးကိုနောက်မှာထားခဲ့ပြီး ရှေ့ဆက်သွားဖို့ပေါ့။ တချို့ကျပြန်တော့လည်း ဘာကိုမှအားစိုက်ဖို့မစဉ်းစားကြတော့ပဲနဲ့ အချစ်ကပေးတာဆိုရင် ဒဏ်ရာပဲဖြစ်စေဦးတော့ သိမ်းထားမယ်ဆိုပြီး တစ်သက်လုံးအဲဒီဒဏ်ရာကိုမကုချင်တော့ သူပိတ်မိနေတဲ့လမ်းမှာပဲထိုင်နေကြရော။ ဒဏ်ရာကိုကြိုးစားကုပြီး လမ်းအသစ်ကို လျှောက်ကြတဲ့လူတွေအတွက် အပေါ်ယံကြည့်ရင်တော့သူ့စိတ်ထဲမှာ ဘာခံစားချက်မှမရှိတော့ဘူးပေါ့။ ဒါပေမဲ့ စိတ်ဒဏ်ရာဆိုတာ အချိန်တွေဘယ်လောက်ပဲကြာကြာ လုံးဝပျောက်သွားတာမျိုးမဟုတ်ပဲမသိစိတ်ရဲ့တစ်နေရာမှာ တပိုင်းတစလောက်ကျန်ခဲ့တတ်တာမျိုးဆိုတော့ သူ့အတွက်ရခဲ့တဲ့ အသည်းကွဲတယ်ဆိုတဲ့ ဒဏ်ရာက အစလေးနည်းနည်းကျန်နေခဲ့တာပေါ့။ ဒါကို သူရဲ့သိစိတ်က မသိနိုင်အောင် ဘယ်လောက်ပဲဖုံးထားဖုံးထား သူ့ရဲ့ မသိစိတ်ထဲမှာ ထင်ရှားနေတာဆိုတော့ အချစ်ဆိုတဲ့အရာကို အဲဒီလူက ကြောက်နေတတ်တယ်။ အချစ်နဲ့ထပ်တွေ့ရမှာ ဒီလိုဝေဒနာမျိုးထပ်ပြီးခံစားရမှာကို အလိုလိုနေရင်းကြောက်နေတတ်တယ်။ အဲဒါနဲ့ပဲ သူက သူ့ကိုလာပြီးပေးကြတဲ့နောက်ထပ်အချစ်အသစ်တွေကို သူအသည်းကွဲမခံချင်တော့တဲ့အတွက် လျစ်လျူရှူထားလိုက်တယ်။ ဒါပေမဲ့ အဲဒီလူမသိလိုက်တာက သူ့အသည်းမကွဲချင်လို့ရှောင်လိုက်တာကြောင့် သူများတွေရဲ့အသည်းတွေကို သူမသိမသာနဲ့ခွဲလိုက်မိတယ်ဆိုတာကိုပဲ။ အသည်းကွဲသွားပြီး အချစ်အသစ်ထပ်မရှာချင်ကြတဲ့လူတွေထဲမှာ တချို့ကျတော့ တစ်သက်လုံးအိမ်ထောင်မပြုပဲ တစ်ယောက်တည်းပဲနေသွားကြတယ်။ တချို့ကျပြန်တော့လည်း တစ်သက်လုံးတစ်ယောက်တည်းမနေချင်တာနဲ့ အချစ်မရလည်း အဖော်ရအောင်လို့ အိမ်ထောင်ပြုလိုက်ကြတယ်။ သူတို့သားသမီးတွေရလာတဲ့အခါကျတော့ သူတို့ရဲ့ သားတွေသမီးတွေကို သူတို့ခံခဲ့ရသလို မခံစားစေချင်ကြဘူး။ ဒါနဲ့ပဲ အဲဒီသားသမီးတွေ အရွယ်ရောက်လာတဲ့အခါ သားသမီးတွေကို ထိခိုက်မှာစိုးတဲ့ဆန္ဒကြောင့် လိုအပ်တာထက်ပိုပြီးတော့ ချုယ်ချယ် တားမြစ်ကြတယ်။ ယောက်ျားလေးသူငယ်ချင်းမထားရဘူးတို့ မိဘမပါပဲအပြင်သွားမလည်ရဘူးတို့။ အဲဒီလိုတားမြစ်ခံရတဲ့သားသမီးတွေရဲ့ စိတ်ထဲမှာ ငါတို့ကိုမိဘတွေက တအားချုယ်ချယ်တယ် ယုံလည်းမယုံကြည်ကြဘူး။ အဲလောက်တောင် မယုံတာ ငါတို့ကလည်း လုပ်ပြဦးမယ်ဆိုတဲ့အတွေးမျိုးတွေ စိတ်ထဲကနေ မသိမသာပေါ်လာတတ်တယ်။ ဒီလိုနဲ့ပဲ မိဘရှေ့ကျတော့ စကားနားထောင်ပြီးတော့ ကွယ်ရာကျတော့ တားမြစ်ထားတဲ့ ကိစ္စမှန်သမျှကို လုပ်လာကြတယ်။ ဒီလိုနဲ့ပဲ သူတို့မိဘတွေ စိတ်ပူတဲ့ ကိစ္စတွေလည်းဖြစ်လာရော မိဘစကားကို နားမထောင်မိပဲ ငါတို့လုပ်မိတာ မှားပြီဆိုပြီး နောင်တရကြသွားကြရော။ အဲ အဆင်ပြေသွားတဲ့ သားသမီးတွေကျပြန်တော့ အချိန်တန်လို့ မိဘတွေကို ဖွင့်ပြောပြတဲ့အချိန်မှာ မိဘတွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ သူတို့သားသမီးကို သူတို့ သဘောတူတဲ့လူနဲ့ပဲ ယူစေချင်တာကိုး။ သားသမီးတွေဖက်ကလည်း မိဘပေးစားတာကိုမလိုချင်၊ မိဘတွေကလည်း သူတို့သဘောတူတဲ့လူနဲ့ပဲ ယူစေချင်.. အဲဒီလိုနဲ့ ခိုးပြေးကြတယ်။ ဒီလိုနဲ့ ပဲသံသရာလည်နေရာ။ တကယ်တော့ အချစ်ဆိုတာ ဘဝရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းမဟုတ်ပေမဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ နေရာယူထားတဲ့အရာတစ်ခုပါပဲ။

မခွန်မြလှိုင် tag ထားတဲ့ အချစ်ဆိုတာပါ။ အချစ်ဆိုတဲ့ အဓိပ္ပာယ်ရဲ့ တစ်ပိုင်းတစ်စပေါ့။ အချစ်ဆိုတဲ့အရာကို ပြောရင် ပြောလို့မကုန်နိုင်ဘူးတဲ့။ အဲတော့ ဒီအချစ်အကြောင်းကို ဆက်ပြောဖို့ နောက်နှစ်ယောက်ကို ထပ် tag ချင်ပါတယ်။ သူတို့ကတော့ ပျောက်နေတာကြာပြီ။ tag လိုက်ရင်တော့ ထွက်လာမယ်ထင်ရတာပဲ။

မေပျို နဲ့ နှံကောင် တို့ပါ။ ကဲ tag လိုက်ပြီ။ အားတဲ့အခါ ရေးပေးပေါ့နော်။

Problem of the Week

  • Posted: 10:46:00 PM
  • |
  • Author: Winkabar

ကျောင်းကနေ အပတ်တိုင်း problem of the week ဆိုပြီး တစ်ပတ်ကို ပုစ္ဆာတစ်ပုဒ်စီမေးတယ်။ ဒီအပတ်ရဲ့မေးခွန်းက စိတ်ဝင်စားစရာကောင်းလို့ တင်လိုက်ပါတယ်။ အဖြေက နောက်တစ်ရက် နှစ်ရက်ဆိုရင် သိရပြီ။


Ramona just completed writing her first book and numbered the pages. Numbering the book required 2649 digits. How many pages does Ramona's book have?

Ramona ဆိုတဲ့ကောင်မလေးက စာအုပ်တစ်အုပ်ကိုရေးလို့လည်းပြီးရော စာမျက်နှာတွေကို နံပါတ်စဉ်တပ်လိုက်တာ ဂဏန်းပေါင်း ၂၆၄၉ လုံးကိုသုံးလိုက်ရပါတယ်။ သူမရဲ့ စာအုပ်မှာ စာမျက်နှာ

ဘယ်နှမျက်နှာရှိပါသလဲတဲ့။

ဖြေကြည့်လိုက်ပါဦးနော်။ အဖြေသိရရင် ဒီပို့စ်ရဲ့ ကော့မန့်အောက်မှာတင်ထားလိုက်ပါ့မယ်။

လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက်

  • Posted: 8:28:00 PM
  • |
  • Author: Winkabar


တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။ တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။ သူ့ဘဝမှာအဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်ကပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခုပြေလည်သွားလို့မှ မနားရသေးဘူး နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ်။ မကြာပါဘူး။ မီးတွေကပြင်းတော့သုံးအိုးစလုံးထဲကနေရေတွေက ပွက်ပွက်ဆူလာတော့တာပေါ့။ ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ ပြီးတော့အိုးတွေကို ဒီအတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့တစ်လုံးမှမပြောဘူး။ သမီးလုပ်တဲ့သူက ဖေဖေ့နှယ်ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်းစိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမဲ့ဘာကိုမဆိုအကြောင်းမဲ့မလုပ်တတ်တဲ့ ဖအေ့အကြောင်းကိုသိထားတော့အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲစောင့်နေရပါတော့တယ်။

ဆယ်မိနစ်လောက်ကြာတော့ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကိုသတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်းဆယ်ပြီးတခြားပန်းကန်ထဲထည့်တယ်။ နောက်ဆုံးအိုးထဲကလက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဖက်ကိုလှည့်ပြီးမေးလိုက်တယ်။

" ကဲ .. သမီးလေးရေ၊ ဒါတွေကဘာတွေလဲ.. "

" မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ.. "

သမီးကအဲဒီလိုဖြေလိုက်တော့ဖအေကသမီးကိုသူ့နားလာခိုင်းပြီး မုန်လာဥတွေကိုစမ်းခိုင်းတယ်။ သမီးကဖအေခိုင်းတဲ့အတိုင်း မုန်လာဥပြုတ်တွေကိုဇွန်းနဲ့ထိုးကြည့်ပြီးနောက် " ဖေဖေ့မုန်လာဥတွေက ပျော့ပြဲနေပြီ.. " လို့ပြောလိုက်ပါတယ်။

ဖအေက သမီးစကားကိုအမှုမထားပဲကြက်ဥပြုတ်တစ်လုံးကိုယူပြီးသမီးကိုခွဲခိုင်းပြန်တယ်။ အပေါ်ကအကာကိုခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ကြက်ဥပြုတ်ပေါ့။

နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ဖအေကခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိနေရင်းကနေဖအေခိုင်းတဲ့အတိုင်းအငွေ့တထောင်းထောင်းထနေတဲ့ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့မြည်းလိုက်လိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီးအရသာရှိတဲ့လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။

"ဖေဖေဘာကိုပြောချင်တာလဲဟင်…" လက်ဖက်ရည်ကြမ်းကိုအရသာခံရင်း သမီးကမအောင့်နိုင်တောပဲ မေးလိုက်ရပါတော့တယ်။

ဖအေကရှင်းပြတယ်။

" မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့မတူတဲ့အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူတုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။

မုန်လာဥဟာရေနွေးထဲမရောက်ခင်တုန်းကတော သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ.. ဒါပေမဲ့ ရေနွေးနဲ့လည်းအပြုတ်ခံလိုက်ရရော တစ်ခါတည်းကိုပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ။

ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်ကအထိမခံဘူး ထိလိုက်တာနဲ့ဖတ်ခနဲကွဲမှာအသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲကအရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကိုကာရံထားရတဲ့အနေအထားပေါ့။ ဒါပေမဲ့ရေနွေးဆူဆူထဲမှာလည်းကြာကြာလေးနေလိုက်ရရော အဲဒီပျော့အိအိအတွင်းသားတွေအားလုံးမာကုန်တာပဲမဟုတ်လားသမီးရဲ့..။

အေး.. လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော အဲဒီပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ်လိုက်တယ်။

ကဲ.. အဖေ့သမီးကရော ဘာလဲ။ မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့လူတိုင်းရင်ဆိုင်ကြရတာပဲသမီး။ အဲဒီလောကဓံနဲ့နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုန်လာဥလိုတုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊ လက်ဖက်ခြောက်လိုတုံ့ပြန်မလား သမီးဘာသာစဉ်းစားပေတော့ကွယ်။"

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ စာဖတ်သူလူကြီးမင်းကရောဘယ်လိုပါလဲ။

အပြင်ပန်းအမြင်မှာတော့ မုန်လာဥလိုမာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီးအားကုန်သွားမယ့်လူစားမျိုးပါလား။

ဒါမှမဟုတ်ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်ရှလွယ်တယ်။ စိတ်ကလည်းပျော့တယ်။ ဒါပေမဲ့သေခြင်းတရားလို ရှင်ကွဲကွဲတာလို ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားပြီးရတဲ့နောက်မှာတော့ နင်လားဟဲ့.. လောကဓံဆိုတဲ့စိတ်ဓာတ်၊ ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော တောင့်တင်းတင်းကြီးဖြစ်သွားမယ့်လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာသိပ်မကွာလှပေမယ့် အတွင်းမှာခါးသီးမာကျောနေတဲ့နှလုံးသားနဲ့လူများဖြစ်နေမှာလား။

ဒါမှမဟုတ်စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူစားမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေအရှိန်တက်လေလေ အရည်အချင်းတွေပိုရှိလာလေဖြစ်ပြီးကိုယ့်ပတ်ဝန်းကျင်အတွက်ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။

ကဲ.. စာဖတ်သူလူကြီးမင်း လောကဓံကိုဘယ်လိုရင်ဆိုင်မယ်စိတ်ကူးပါသလဲ။ စာဖတ်သူဟာ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။


ဒီပုံပြင်ကို ဘယ်မှာလဲမသိဘူး ဖတ်ဖူးတယ်။ မှတ်တော့မမှတ်မိတော့ဘူး။ အခု forward mail တစ်ခုကနေရလို့ ပြန်တင်လိုက်ပါတယ်။


Breast Cancer Awareness Month

  • Posted: 8:31:00 PM
  • |
  • Author: Winkabar


Breast Cancer Awarness Month တစ်ခါထပ်ရောက်လာပြန်ပြီ။ အရင်နှစ် ဒီလိုအချိန်တုန်းက ရင်သားကင်ဆာနဲ့ ပတ်သက်ပြီးပို့စ်တင်တုန်းက အပန်းရောင်လို့ရေးတုန်းက အစ်မလင်းက ပန်းရောင်လို့ ပြောလို့ ငြင်းကြတာတောင် မှတ်မိသေးတယ်။ အခုတော့ သူလည်း မငြင်းနိုင်တော့ဘူးထင်တယ်။ စိတ်ညစ်နေလို့ ဘလော့ရေးတာ နားထားတယ်တဲ့။ ကြုံရင်တော့ သွားအားပေးလိုက်ပါဦးနော်။

ဒီတစ်နှစ်တော့ ဒီရောဂါအကြောင်း နည်းနည်းထပ်ရေးမယ်လို့စဉ်းစားထားတာ။ စာအုပ်တစ်အုပ်တော့တွေ့ထားတယ်။ အချိန်ကမရတာနဲ့ ဒီလမကုန်ခင်တော့ တင်ဖြစ်တော့မယ် မထင်ဘူး။ သူ့အချိန်ကလည်း ရောက်လာပြီဆိုတော့ အရင်လက တင်ထားတဲ့ပို့စ်ကိုပဲ ပြန်တင်လိုက်ပါတယ်။ ဒီလအထိမ်းအမှတ်အနေနဲ့ပေါ့။


ကင်ဆာစဖြစ်ပုံ
-------------------
ကင်ဆာဟာခန္ဒာကိုယ်ထဲကဆဲလ်တွေအထိန်းအကွပ်မရှိဘဲပွားများလာရာကနေဖြစ်လာတာပါ။
ဆဲလ်တွေဟာအများအားဖြင့်လိုအပ်သောအခါမှ ပွားကြတာပါ။
ဆဲလ်အသစ်တွေရတဲ့အခါကျတော့
ဆဲလ်ဟောင်းတွေကသေပြီးဆဲလ်အသစ်တွေက
အဟောင်းနေရာမှာအစားထိုးလိုက်တာပါ။ ကင်ဆာဖြစ်တဲ့အခါကျတော့
ဆဲလ်အဟောင်းတွေကလည်းမသေ၊ အသစ်တွေကလည်းများဖြစ်လာပြီးတော့
ခန္ဒာကိုယ်ထဲမှာမလိုအပ်တဲ့တစ်သျှူးအစုအဝေးကြီးဖြစ်လာပါတယ်။
အဲဒီအစုအဝေးကို Tumors လို့ခေါ်ပါတယ်။
Tumors နှစ်မျိုးရှိပါတယ်။ Benign နဲ့Malignant ။
နံပါတ်(၁) အမျိုးအစား က ကင်ဆာမဖြစ်နိုင်ပါဘူး။
ခွဲစိတ်ကုသလျှင်ထုတ်နိုင်ပြီးတော့ ထပ်လည်းမဖြစ်နိုင်ပါဘူး။
တခြားအစိတ်အပိုင်းတွေကိုမပျံ့နိုင်သလိုဒုက္ခလည်းမပေးပါဘူး။
နံပါတ် (၂) ဖြစ်တဲ့ Malignant ကတော့ကင်ဆာဖြစ်နိုင်ပါတယ်။
ခွဲပြီးထုတ်နိုင်ပေမယ့် ထပ်ဖြစ်နိုင်တဲ့အလားအလာတွေရှိပါတယ်။
သူ့ဘေးပတ် ၀န်းကျင်မှာရှိတဲ့ဆဲလ်တွေအင်္ဂါတွေကိုလည်းပျံ့နှံ့နိုင်ပြီးတော့ဒုက္ခပေးနိုင်ပါတယ်။ ကင်ဆာတွေဟာခန္ဒာကိုယ်အစိတ်အပိုင်းတွေကိုမူတည်ပြီးနာမည်ပေးလေ့ရှိတဲ့အတွက်
ရှိတဲ့ဆဲလ်တွေ ရောဂါဖြစ်တာကိုပြောတာပါ။ အဲလိုဆဲလ်တွေကတခြားနေရာတွေကိုပျံ့သွားတဲ့အခါမှာလည်းရင်သားကင်ဆာ
လို့ပဲခေါ်ပါတယ်။တစ်နည်းအားဖြင့်အရိုးကိုပျံ့သွားသော်လည်း
အရိုးကင်ဆာမဖြစ်သွားပါ။ ရင်သားကင်ဆာသာဖြစ်ဆဲပါ။ အပျံ့နိုင်ဆုံးနေရာတွေကတော့
အရိုး၊အသည်းနဲ့ဦးနှောက်တို့ပဲဖြစ်ပါတယ်။


ဘယ်သူတွေမှာအဖြစ်များလဲ
------------------------------

၁) အသက်ကြီးသောအမျိုးသမီးများတွင်ပိုဖြစ်တတ်ပါသည်။ (အသက်၆၀တွင်အဖြစ်များ)
၂) အရင်ကဖြစ်ဖူးသူများ (ရင်သားတစ်ဖက်တွင်ဖြစ်ဖူးပါက နောက်တစ်ဖက်လည်းဖြစ်နိုင်ချေရှိသည်)
၃) မျိုးရိုးလိုက်နိုင်သည် (အမေ၊အစ်မ၊အဒေါ်စသည်ဖြင့်မိမိမျိုးရိုးထဲတွင်ဖြစ်ဖူးပါက)
၎) အသက်ကြီးမှကလေးယူသူများ
၅) အသက်(၁၂)အောက်တွင်စ၍အပျိုဖော်ဝင်သူများ
၆) အသက်(၅၅)ကျော်မှသွေးဆုံးသူများ
၇) ကလေးမမွေးသောအမျိုးသမီးများ
၈) အဝလွန်သူများ နှင့်
၉) ဆေးလိပ်သောက်သူများ ( ဆေးလိပ်အငွေ့အရှူများသူများပါအပါအဝင်) တို့ဖြစ်ပါတယ်။

***ရင်သားကင်ဆာဟာမကူးစက်နိုင်ပါဘူး***

ရောဂါလက္ခဏာများ
--------------------
* ရင်သားနှင့်ချိုင်းကြားတွင် အဖုအကျိတ်များတွေ့ခြင်း နှင့်
ရင်သားပုံမမှန်ဖြစ်ခြင်း၊ နီရဲလာခြင်း
* ရင်သားအရေပြား လိမ္မော်သီးအခွံကဲ့သို့တွန့်လာခြင်း
* ရင်သားရောင်လာမယ်
* ရင်သားအရွယ်ကြီးလာခြင်း

ကာကွယ်ရန်နည်းလမ်းများ
----------------------------
ကိုယ်တိုင်စစ်ဆေးခြင်း

မိမိရင်သားအားမိမိစစ်ဆေးနိုင်ပါတယ်။ အဖုအကျိတ်များရှိမရှိ၊ ပုံပြောင်းခြင်းရှိမရှိ တစ်ပတ်တစ်ခါပဲဖြစ်ဖြစ်
ရေချိုးတိုင်းစစ်ဆေးနိုင်ပါတယ်။

ဆရာဝန်နှင့်စစ်ဆေးခြင်း

၁) အသက်(၄၀) ကျော်အမျိုးသမီးတွေဟာ ၁နှစ်(သို့) ၂နှစ်
(၁) ကြိမ်ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။
၂) အသက်(၄၀) အောက်အမျိုးသမီးများကတော့ ဆရာဝန်နှင့်တိုင်ပင်ပြီး
မည့်သည်အချိန်စစ်ဆေးရမည်ကိုမေးမြန်းသင့်ပါတယ်။

"ကြိုတင်ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုပြီးထိရောက်တယ်" ဆိုတဲ့စကားအတိုင်း
ဖြစ်မှသိတာထက်စာရင်ကြိုတင်သိနိုင်ပြီးရင်သားကင်ဆာရောဂါကိုကာကွယ်နိုင်ရန်
ရည်ရွယ်၍ရေးသားလိုက်ပါတယ်။ ရင်သားကင်ဆာတိုက်ဖျက်ရေးလအထိမ်းအမှတ်အနေနဲ့
ဤပို့စ်ဖြင့် ရင်သားကင်ဆာတိုက်ဖျက်နေကြသူများအား ဂုဏ်ပြုအားပေးလိုက်ပါတယ်။

Links: http://www.medicinenet.com/cancer_prevention/article.htm
: http://en.wikipedia.org/wiki/Pink_for_October
: http://pinkforoctober.org/downloads/
: Download treatment book
:http://images.google.com/images?hl=en&q=breast+cancer+month&um=1&ie=UTF-8&sa=N&tab=wi

Image from: http://ejiro-eunice.blogspot.com/2007/10/breast-cancer-awareness-month.html

မွေးနေ့ဆိုတာ..

  • Posted: 5:57:00 AM
  • |
  • Author: Winkabar

နှစ်စဉ်နှစ်တိုင်းလူတွေက ကိုယ်မွေးတဲ့နေ့ရောက်လို့ရှိရင် မွေးနေ့ပွဲတွေကျင်းပကြတယ်။ အသက်တစ်နှစ်ကြီးတာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ တကယ်တော့ မွေးနေ့ရဲ့ အဓိပ္ပာယ်ကဘာလဲ။ သူ့ရဲ့ အဓိပ္ပာယ်က တစ်နှစ်ကြီးလာတာကိုဂုဏ်ပြုတာထက်တော့ပိုပါတယ်။ လူတစ်ယောက်မွေးလာပြီဆိုရင် အဲဒီလူရဲ့မိသားစု၊ သူ့ရဲ့ အသိုင်းအဝိုင်း၊ ဆွေမျိုးသားချင်းတွေ အားလုံးကဝိုင်းပြီးတော့ အသိအမှတ်ပြုရတယ်။ ဟာ.. ဒီတစ်ယောက်တော့လောကထဲကိုရောက်လာပြီပေါ့။ သူမွေးလာပြီဆိုကတည်းက သူ့အသိုင်းအဝိုင်းကလူတွေဟာ အရင်က သူတို့မလုပ်ဖူးတဲ့အလုပ်တွေလုပ်လာရတယ်။ မိဘဆိုရင် ကလေးထိန်း၊ ကလေးအတွက်ပိုက်ဆံရှာ၊ ကလေးအတွက် ရည်မှန်းချက်တွေထား၊ ဆွေမျိုးသားချင်းတွေကျပြန်တော့လည်း သူတို့အသိုင်းအဝိုင်းထဲကို အသစ်ဝင်လာတဲ့လူတစ်ယောက်နဲ့ပတ်သက်ပြီးတော့ မိဘတွေနဲ့အတူတူပဲ စိတ်ကူးတွေယဉ်ကြတယ်။ ဥပမာ။ ။ ဒီကလေးကြီးလာလို့ ပညာတတ်ဖြစ်ရင် ငါတို့အမျိုးဂုဏ်တက်တယ် ဘာညာပေါ့။ ဒီလို လူတစ်ယောက် လောကကြီးထဲစရောက်လာတယ်ဆိုကတည်းက သူ့ဘေးပတ်ဝန်းကျင်ကလူတွေက သူ့အပေါ်မှာမျှော်လင့်ချက်တွေစထားကြတာပေါ့။ တစ်နှစ်ထက်တစ်နှစ်သူကြီးလာတဲ့အခါကျတော့လည်း သူတို့ရဲ့မျှော်လင့်ချက်တွေက ပိုပိုပြီးတော့ ကြီးလာပြန်ရော။ ဘာလို့လဲဆိုတော့ သူတို့ဒီကလေးပေါ်မှာမျှော်လင့်ထားတဲ့ကိစ္စက ဖြစ်ဖို့နီးကပ်လာပြီလေ။ သူတို့ရဲ့မျှော်လင့်ချက်က ကလေးတစ်နှစ်ပြည့်သွားတဲ့အခါမှာ မသေသွားပါဘူး။ အဲဒီကလေးအသက်တစ်နှစ်ပြည့်တိုင်း တစ်နှစ်ပြည့်တိုင်း သူတို့ရဲ့ မျှော်လင့်တဲ့စိတ်တွေကလည်း အဲဒီကလေးနဲ့ အတူအသက်တွေကြီးလာခဲ့တယ်။ ဒါဟာ အဲဒီကလေး ဒီလောကထဲမှာရှိနေတာကို အသိအမှတ်ပြုတဲ့သဘောပေါ့။ ဒီလူသူ့ကို အသိအမှတ်ပြုတဲ့လူတွေရှိနေလို့လည်း အဲဒီကလေးရဲ့ ဘဝက ပြည့်စုံလာတာမဟုတ်လား။ သူမွေးလာကတည်းက လက်ကမ်းကြိုဆိုမယ့်လူတွေမရှိဘူးဆိုရင် အဲဒီလူရဲ့ဘဝဟာ ဘယ်လောက်တောင်မှ ဝမ်းနည်းစရာကောင်းလိုက်မလဲ။ အဲဒီလို သူ့ကို အသိအမှတ်ပြုတဲ့ သူ့အပေါ်မှာ မျှော်လင့်ချက်တွေရှိနေတဲ့ လူတစ်သိုက် ဒီလောကကြီးမှာရှိတယ်ဆိုတာကို ပြဖို့အတွက် လူတွေက နှစ်စဉ်နှစ်တိုင်း ကိုယ်မွေးတဲ့နေ့ကိုရောက်ရင် "မွေးနေ့" ဆိုတာကို ကျင်းပကြတာပဲ။ မွေးနေ့ဆိုတာ ကိုယ့်အတွက်ပွဲဆိုပေမယ့် သူများတွေက ကျင်းပပေးမှ ပျော်ရတာမဟုတ်လား။ ကိုယ်က မွေးနေ့ပွဲလုပ်ဦးတော့ လာမယ့်လူမရှိရင် အဲဒီပွဲကမဖြစ်တော့ဘူးလေ။ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ နင်တို့ငါတို့က သိပ်ခင်ကြတာတဲ့။ အဲတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့မွေးနေ့ကိုမှတ်ထားဖို့ဆိုတာက အရေးမကြီးဘူးတဲ့။ မွေးနေ့မသိလည်း ခင်တယ်ဆိုတာ သိတယ် သူပြောချင်တာက အဲဒါလေ။ ဒါက သူပျင်းလို့ပြောတဲ့စကားနေမှာပေါ့။ ကိုယ့်သူငယ်ချင်းတွေ ကိုယ်ခင်တဲ့လူတွေက ကိုယ့်မွေးနေ့ကိုမေ့တာလောက်ဝမ်းနည်းစရာကောင်းတာမရှိဘူးထင်တယ်။ ပြောမယ့်သာပြောရတာ။ ကျွန်မလည်း သူတို့မွေးနေ့ကို မမှတ်မိဘူး။ သူတို့တွေရဲ့ မွေးနေ့က နွေရာသီမှာလေ။ နွေရာသီဆို သူငယ်ချင်းတွေက အသွားအလာသိပ်မရှိကြတော့ မွေးနေ့ကိုလည်း သတိမထားမိဘူး။ မွေးတဲ့လကိုတော့သိတယ်။ ရက်ကိုမသိဘူးဖြစ်နေတာ :P ။

ကိုယ့်ရဲ့မွေးနေ့မှာ ကိုယ့်မွေးနေ့ကို ဘယ်သူမှမမှတ်မိဘူး ဘယ်သူကမှလည်းအသိအမှတ်မပြုပေးကြဘူးဆိုရင် အဲဒီလူရဲ့ မွေးနေ့က ဘာမှအဓိပ္ပာယ်မရှိတော့သလိုပါပဲ။ ဒီတော့ ကိုယ့်မိတ်ဆွေတွေရဲ့ မွေးနေ့တွေကို မမေ့အောင်ကြိုးစားကြပါ။ ဒီလူတစ်ယောက်ကို တစ်နှစ်ပတ်လုံးမခေါ်မပြောဖြစ်ဦးတော့ မွေးနေ့ကျရင် Happy Birthday လို့ပြောလိုက်တာဟာ သူ့အတွက် ပျော်စရာတစ်ခုပါပဲ။ ပိုက်ဆံနဲ့ပေးလို့မရတဲ့လက်ဆောင်တစ်ခုပေါ့။ မွေးနေ့ဆိုတာ မိတ်ဆွေအပေါင်းအသင်းတွေအတွက် လောကကြီးထဲကိုရောက်လာတဲ့ အဲဒီမွေးနေ့ရှင်ကို မင်း.. ဒီနေ့ ဒီလောကထဲရောက်လာတာ ဘယ်နှ နှစ်တော့ရှိသွားပြီ။ မင်းဘေးနားမှာ ငါတို့ ငါတို့တွေရှိတယ်။ အမြဲတမ်းအထောက်အပံ့အနေနဲ့။ ငါတို့အားလုံးဟာ ဒီလောကကြီးထဲမှာ အတူတကွရှင်သန်နေကြတယ်။ လောကဓံတရားကို အတူတူခံစားရင်းနဲ့ပေါ့ ဆိုပြီးပြောနေသလို မွေးနေ့ရှင်အတွက်ကလည်း ဟာ.. ငါ့အသက်က ဘယ်နှ နှစ်တောင်ရှိသွားပါလား။ ငါဒီလောကထဲကိုရောက်တဲ့အချိန်တွေမနည်းတော့ဘူး။ ငါ ငါ့မိဘအတွက်ဘာတွေပြန်လုပ်ပေးပြီးပြီလဲ။ ငါ့ဆွေမျိုးသားချင်းတွေ နောက်တခြားလူသားတွေ သူတို့တွေအတွက် ငါဘာအကျိုးပြုပြီးပြီလဲ။ အဓိကအရေးအကြီးဆုံးက ငါ့ကိုယ်ငါကော ဘာတွေလုပ်ပေးပြီးပြီလဲ။ တစ်နှစ်ထက်တစ်နှစ် ငါတိုးတက်လာတာလား။ ဆုတ်ယုတ်သွားတာလား ဆိုပြီးဆန်းစစ်ရတဲ့နေ့ဆိုလည်းမမှားပါဘူး။ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာတယ်ဆိုရင်တော့ ရှေ့လျှောက်ဒီလမ်းအတိုင်းဆက်သွားရင် အောင်မြင်လာမယ်။ အဲလိုမဟုတ်ပဲ ဆုတ်ယုတ်ခဲ့မယ်ဆိုရင်တော့ ငါလုပ်နေ ကိုင်နေတာတွေ ဘာတွေမှားနေလို့လဲ။ ဘာတွေပြောင်းလဲဖို့လိုနေလဲ ဆိုတာကိုပြန်စဉ်းစားပြီးတော့ ပြင်ဆင်ရမှာပါ။ ဘာပဲဖြစ်ဖြစ် လူဆိုတာကိုယ်လျှောက်လှမ်းခဲ့တဲ့ ခြေရာတွေကို ပြန်လှည့်ကြည့်တဲ့အခါ ဂုဏ်ယူချင်ကြတာပဲမဟုတ်လား။ နှစ်စဉ်နှစ်တိုင်း ကိုယ့်မွေးနေ့ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မယ် မှားနေရင်ပြင်မယ် လမ်းမှန်ကို ရွေးလျှောက်ဖြစ်မယ်ဆိုရင်တော့ ကိုယ့်ဘဝရဲ့ အတိတ်ကို ဘယ်အချိန်ပဲပြန်လှည့်ကြည့်ကြည့် ငါအောင်တယ်ကွ ဆိုပြီး ပြောနိုင်မှာ မလွဲမသွေပါပဲ။

မွေးနေ့ရဲ့အဓိပ္ပာယ်ဆိုတာဒါပဲပေါ့။ ကိုယ့်ကိုယ်ကို သုံးသပ်ဖို့၊ ပြင်ဆင်ဖို့ နောက်ပြီး သူများတွေက ကိုယ်ဒီလောကမှာရှိနေတာကို သတိရလား မရလားဆိုတာကို ဆန်းသပ်ရတဲ့နေ့တစ်နေ့ :P ။

ကိုယ့်မိတ်ဆွေတွေ အသိတွေရဲ့ မွေးနေ့တွေကို တတ်နိုင်သလောက်မှတ်သားထားပြီး မွေးနေ့ရောက်ရင် Happy Birthday လောက်တော့ ပြောဖို့ဝန်မလေးပါနဲ့။ ကိုယ်သူ့ကို appreciate လုပ်တယ်ဆိုတာ အဲဒီလူသိနိုင်အောင်လုပ်ပါ။ ဘယ်သူမဆို ကိုယ့်မွေးနေ့မှာ လူများများက Birthday Wish လုပ်တာကိုတော့ ခံချင်ကြတာချည်းပဲမဟုတ်လား။

အောက်တိုဘာ (၅)ရက် နေ့ရဲ့ မွေးနေ့ရှင်တစ်ယောက်အတွက် အမှတ်တရ။

Eid Mubarak

  • Posted: 11:46:00 AM
  • |
  • Author: Winkabar




အစ်နေ့ရောက်လာပြီ။ ရန်ကုန်မှာဆိုရင် ဒီအချိန်ဆို တော်တော်ပျော်ဖို့ကောင်းတာ။ တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ မုန့်ဖိုးလည်းရတယ်။ မုန့်လည်းစားရတယ်။ ဒီမှာတော့ မနက် ဗလီသွားတဲ့အချိန်လေးပဲ လူတွေ့ရတယ်။ ပြီးရင်တော့ ခြောက်ကပ်ကပ်ပါပဲ။ လူဆိုတာ ရှားပါးပစ္စည်းဖြစ်နေပြီ အကုန်လုံးက ကားပဲစီးနေကြတော့။ တစ်ခါတစ်လေတော့လည်း တွေးမိတယ်။ နိုင်ငံခြားမှာနေရတဲ့ဘဝက တော်တော်အထီးကျန်တာပဲလို့။မိသားစုရှိနေသေးလို့တော်သေးတယ်။ တစ်ယောက်တည်းသမားတွေဆိုတော်တော် စိတ်ညစ်မှာပဲ။ အရင်နှစ်ကတော့ ပြောဖြစ်တယ်။ ဒီနှစ်အစ်ကျရင် မုန့်ကျွေးမယ်လို့ အဟီး။ ဒီနှစ်အစ်နေ့က စာနဲ့နပမ်းလုံးနေတာ ည၁၂ နာရီမှပဲပြီးတယ်။ အစ်နေ့တောင် မပျော်လိုက်ရဘူး။ စိတ်တော့တော်တော်ညစ်ဖို့ကောင်းတယ်။ စနေနေ့ကျရင်တော့ အိမ်မှာ ထမင်းကျွေးမလို့ အစ်နေ့အတွက်။ လာခဲ့ပါလား။ မုန့်ကျွေးမယ်လေ။ :P ။
Eid Mubarak.. !