Winkabar

A lot of my thoughts...

ကျွန်တော်နဲ့ကျွန်မ

  • Posted: 7:56:00 PM
  • |
  • Author: Winkabar

ခေါင်းစဉ်ကြည့်ပြီးတော့ လန့်မသွားပါနဲ့ဦး။ "ကျွန်တော်" နဲ့ "ကျွန်မ" နာမ်စားတွေအကြောင်းပြောမလို့ပါ။

ယောက်ျားတွေနဲ့ မိန်းမတွေသုံးရတဲ့ နာမ်စားက "ကျွန်တော်" နဲ့ "ကျွန်မ" ။ ယောက်ျားတွေသုံးတာက "ကျွန်တော်" ၊ မိန်းမတွေသုံးတာက "ကျွန်မ" ။

စဉ်းစားကြည့်ရင် "ကျွန်မ" ဆိုတဲ့ နာမ်စားက "ကျွန်တော်" ဆိုတဲ့ နာမ်စားလောက် သုံးရတာ မလွယ်ဘူး အဆင်လည်းမပြေဘူး။ ယောက်ျားလေးတစ်ယောက်က ဆိုပါတော့ ၇ နှစ် ၈ နှစ်လောက်ကတည်းက သူ့ကိုယ်သူ "ကျွန်တော်" ဆိုပြီးတော့ သုံးလို့ရတယ်။ အဲလိုသုံးလို့ရတော့ သူ့အတွက် အဆင်ပြေတယ်။ ကြားရတဲ့လူကလည်း ဟာ.. ဒီကလေးတော်တော် ယဉ်ကျေးပါလားဆိုပြီးတော့ ကောက်ချက်ချသွားရော။ ဒါပေမဲ့ ၇ နှစ် ၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်က သူ့ကိုယ်သူ "ကျွန်မ" ဆိုပြီးပြောရင် ကြားရတဲ့လူက နားထဲမှာ ကန့်လန့်ကြီးဖြစ်နေရော။ အဲတော့ တော်ရုံတန်ရုံဆို ကောင်မလေးငယ်ငယ်လေးတွေက စကားပြောရင် ကိုယ့်ကိုယ်ကို "သမီး" ဆိုပြီးသုံးကြတယ်။ ဒါပေမဲ့ အဲလို သုံးတာက အရွယ်တစ်ခု ဥပမာ ၁၆၊ ၁၇ အရွယ်လောက်ရောက်တော့ သုံးလို့မကောင်းတော့ဘူး။ ကိုယ့်ထက် ၄၊ ၅ နှစ်လောက်ကြီးတဲ့လူတွေနဲ့ စကားပြောတဲ့အခါ "သမီး၊ သမီး" နဲ့သွားသုံးရင် ဟိုဖက်လူက ဟာ.. ငါဒီလောက် အသက်ကြီးသွားပြီလား ဆိုပြီးဖြစ်တော့မယ်။ ပြီးတော့ နားထောင်လို့လည်း သိပ်မကောင်းတော့ဘူး။ အဲလိုမျိုးဆိုတော့ ဘာသုံးမလဲ။ "ညီမ" လို့သုံးလို့တော့ရတယ်။ ဒါပေမဲ့လည်း သူက သိပ်အဆင်မပြေဘူး။ စကားပြောရင် နည်းနည်းထောက်နေတယ်။ နားထောင်ရတဲ့လူအတွက်ကတော့ မသိဘူး။ "ကျွန်မ" လို့သုံးရပြန်အောင်လည်း ဒီအသက်အရွယ်နဲ့က သိပ်မကိုက်သေးဘူး။ အဲဒီတော့ ကိုယ်စကားပြောတဲ့လူအပေါ်မှာမူတည်ပြီးတော့ အဆင်ပြေတဲ့နာမ်စားကို ရွေးသုံးရရော။ ငယ်ငယ်တုန်းကတော့ ကျောင်းမှာ ကောင်မလေးတစ်ယောက်တွေ့ဖူးတယ်။ သူက တရုတ်။ အဲတော့ အိမ်မှာစကားပြောရင် ကိုယ့်ကိုယ်ကို "ဝေါ် ဝေါ်" နဲ့ပြောရော။ အိမ်မှာပြောနေကျဆိုတော့ ကျောင်းမှာလည်း အကျင့်ပါပြီး "ဝေါ် ဝေါ်" နဲ့ဖြစ်နေရော။ ဝေါ့ကလေ ဝေါ့ကိုလေနဲ့။ သူအဲလို ဝေါ် လို့ပြောတိုင်း အစခံရတယ်။ အဲတော့ အဲလိုသုံးဖို့ကလည်း မဟုတ်သေးပါဘူး။ တခြားဘာသာနဲ့လည်း အဆင်မပြေပြန်ဘူး။

အသက် ၂၀ ကျော်လောက်ကျတော့ အချင်းချင်းစကားပြောတဲ့အခါ ၊ ဟိုးအရင်ကတည်းက သိပြီးသားလူဆိုရင်တော့ ကိစ္စမရှိဘူးပေါ့။ အခေါ်အဝေါ်တွေက နှုတ်ကျိုးနေပြီလေ။ ဒါပေမဲ့ အခုလိုအချိန်မှ တွေ့တဲ့လူတွေနဲ့ စကားပြောတဲ့အခါကျတော့ နာမ်စားတစ်ခုသုံးရတော့မယ်။ ယောက်ျားလေးတွေနဲ့ ပြောတဲ့အခါ "ကျွန်မ"လို့ သုံးလို့ရပြီပေါ့ ဒီလိုအသက်အရွယ်ရောက်တော့။ အဲ.. ဒါပေမဲ့ မိန်းကလေးအချင်းချင်းပြောတဲ့အခါကျတော့ "ကျွန်မ" လို့ ပြောလို့ အဆင်ပြေတဲ့လူတွေရှိမယ် မပြေတဲ့လူတွေရှိမယ်။ ဥပမာ အသက်ချင်း သိပ်မကွာတဲ့ လူတွေဆိုရင်ပေါ့။ အဲလိုလူတွေနဲ့ကျတော့ "ကျွန်မ" လို့ပြောရင် နားထောင်ရတာ တစ်မျိုးကြီးဖြစ်နေရော။ "နင် ငါ"  လို့ပြောရပြန်အောင်လည်း သူနဲ့က သူငယ်ချင်းမဟုတ်။ အဲဒါနဲ့ တချို့က "တို့" ဆိုတဲ့နာမ်စားကို သုံးလာရော။ အဲဒီ နာမ်စားကလည်း အားလုံးအတွက် အဆင်ပြေလားဆိုတော့ မပြေသေးဘူး။ ဘာလို့လဲဆိုတော့ "တို့" လို့သုံးတာက တချို့လူတွေအတွက်ဆို နည်းနည်းတင်စီးနေသလို အဓိပ္ပာယ်မျိုးဖြစ်နေရော။ အဲဒါနဲ့ပဲ နောက်တစ်မျိုးရှာရပြန်ရော။ တဖြည်းဖြည်းနဲ့ တချို့ကျတော့ မိန်းကလေးဖြစ်ပါရက်နဲ့ "ကျွန်တော်" ဆိုတဲ့ နာမ်စားကို ယူသုံးရော။ သူက သုံးရတာလွယ်တယ်လေ။ ဒါပေမဲ့ မိန်းကလေးနဲ့ကျတော့ သိပ်မလိုက်ပြန်ဘူး။ တချို့ကျပြန်တော့လည်း နာမ်စားနေရာမှာ ကိုယ့်နာမည်ကို ထည့်ပြောတယ်။ အဲဒါကတော့ အလွယ်ဆုံးပေါ့။ ကိုယ့်ထက်ကြီးကြီးငယ်ငယ် အဲဒီနာမ်စားနဲ့သုံးရုံပဲ။ ဒါပေမဲ့ သူကလည်း တစ်ခုရှိတာက ကိုယ့်ရဲ့နာမည်က ခေါ်လို့ သုံးလို့ကောင်းရင် ကောင်းတာပေါ့။ အဲလိုမဟုတ်ပဲ နည်းနည်းသိပ်ခေါ်လို့မကောင်းပဲ နာမ်စားအနေနဲ့ သုံးလို့မရတဲ့ နာမည်ဆိုရင်တော့ ခက်ပြန်ရော။ ယောက်ျားလေးတွေအတွက်ကျတော့ အဲလိုမဟုတ်ဘူး။ အရွယ်သုံးပါး ကျွန်တော် ဆိုတာကို သုံးလို့ရတယ်။ ကိုယ်က စကားပြောရမယ့်လူက ငယ်ငယ်ကြီးကြီး "ကျွန်တော်" ဆိုတာကို သုံးလို့ရတယ်။ အဲဒီနာမ်စားတစ်ခုတည်းကို လက်ကိုင်ထားလိုက်ရင်ရပြီ။ ဘယ်လောက်အဆင်ပြေတဲ့ စကားလုံးလဲ။ ရှေးခေတ်တုန်းက စကားထွင်တဲ့လူတွေက ဘာလို့များ မိန်းမတွေအတွက် အဲလို သုံးလို့အဆင်ပြေတဲ့ နာမ်စားမျိုး မထွင်ပေးခဲ့လဲမသိဘူး။ ဒါမှမဟုတ်ရင်လည်း မိန်းကလေးတွေက အဲဒီနာမ်စားကို သိပ်မသုံးလို့များ ကြားရတဲ့အခါ နည်းနည်းထောက်နေတာလားမသိဘူး။ အဲတော့ သူ့ကို "ကျွန်တော်" လိုမျိုး သုံးရတာ အဆင်ပြေသွားအောင် များများသုံးပေးရင်ကောင်းမလား။ ဒါမှမဟုတ် အဆင်ပြေတဲ့ နာမ်စားတစ်ခုထပ်ထွင်ရင်ကောင်းမလားပဲ။ အခုကျမှတော့လည်း ဘယ်သူကမှ စကားလုံးအသစ်ထွင်ချင်တော့မှာမဟုတ်ဘူး။ မိန်းကလေးတွေမှာလည်း အဲလိုမျိုး အခက်အခဲတစ်ခုတော့ ရှိပါတယ်။ အခုတလော စဉ်းစားနေမိတာလေးပါ။ တခြားလူတွေကော ဘယ်လိုထင်ကြလဲမသိဘူး။


 

မီးပျက်တဲ့ညတစ်ည

  • Posted: 4:44:00 AM
  • |
  • Author: Winkabar

မနေ့ကကျောင်းမှာ မီးပျက်သွားတယ်။ မိုးတွေတအားရွာတော့ မီးကြိုးတွေ ပျက်သွားလို့တဲ့။ ကျောင်းဆိုတော့ သူတို့က မီးစက်ခုတ်တော့ ခဏလေးပဲပျက်ပြီးတော့ ပြန်လာတယ်။ တချို့နေရာတွေကတော့ မှောင်နေတာပေါ့။ ဒီမနက်ကျတော့ အိမ်မှာ မီးပျက်သွားတယ်။ ဟာ..သွားပြီလို့ ဒီနေ့ကကျောင်းမသွားရတော့ တစ်နေကုန်အိမ်မှာ ဒီအတိုင်းပဲထိုင်နေရတော့မယ်ထင်နေတာ။ တော်သေးတယ် ခဏပဲပျက်ပြီးတော့ ပြန်လာတယ်။ ဒါပေမဲ့ ညနေဖက် ၄ နာရီလောက်ကျတော့ တစ်ခါထပ်ပျက်တယ်။ တစ်ညလုံးပျက်သွားတာ မနက်၎ နာရီလောက်မှပဲပြန်လာတော့တယ်။ ဒီမှာက မီးက သိပ်ပျက်လေ့မရှိတော့ မီးလည်းပျက်သွားရော အိမ်တိုင်းမှောင်မဲနေတာပဲ။ မီးမပျက်တာကြာတော့ မီးပျက်သွားတော့ နေလို့တော့ကောင်းတယ်။ အထူးအဆန်းလိုပဲ။ အရင်ရက်တွေဆို မီးလာတဲ့အချိန်တွေဆိုရင် လူတိုင်းလိုလိုက အိမ်ပြန်ရောက်ရင် တီဗွီကြည့် ကွန်ပျူတာလုပ်နဲ့ အားလုံးစုထိုင်ပြီးတော့ စကားပြောဖြစ်တာ တော်တော်ရှားတယ်။ အခု မီးပျက်သွားတော့ တီဗီလည်းကြည့်မရ ကွန်ပျူတာလည်း လုပ်မရဆိုတော့ ဘာမှလုပ်စရာမရှိသလိုဖြစ်သွားတယ်။ အဲတော့မှပဲ တစ်ယောက်နဲ့တစ်ယောက် သေချာစကားထိုင်ပြောဖြစ်ကြတယ်။ အဲဒါနဲ့ပဲ စဉ်းစားမိတာ။ အခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ လူတွေက မနက်ပိုင်းဆို ကလေးဆို ကျောင်းသွား၊ လူကြီးဆို အလုပ်သွားနဲ့ တစ်ယောက်နဲ့ မတွေ့မိကြဘူး။ အိမ်ပြန်လာတဲ့အချိန်ကျပြန်တော့လည်း ကွန်ပျူတာတွေ တီဗီတွေနဲ့ပဲ အဖော်လုပ်နေကြတယ်။ တီဗီကြည့်လို့ပြီး ကွန်ပျူတာလုပ်လို့ပြီးတဲ့အခါကျတော့ အိပ်ချိန်ရောက်ပြီ။ အဲဒီလို့နဲ့ပဲ တဖြည်းဖြည်းနဲ့တစ်ယောက်နဲ့တစ်ယောက် အနေဝေးလာပြီး စိမ်းလာကြတယ်။ ဘယ်သူကမှလည်း အချိန်သပ်သပ်ပေးပြီးတော့ စကားထိုင်မပြောနေကြတော့ဘူး.. သွန်သင်ဆုံးမမနေကြတော့ဘူး။ ဒီလိုနဲ့ ကလေးတွေက မိဘတွေရဲ့မျက်စိကွယ်ရာမှာနေရတဲ့အချိန်ကလည်းများ၊ မိဘတွေကလည်း အဲလိုကွယ်ရာကျရင် ဘယ်လိုဘယ်လိုနေဆိုပြီးတော့ မဆုံးထားဆိုတော့ နိုင်ငံခြားက ကလေးတွေ၊ နိုင်ငံခြားကို ရောက်လာကြတဲ့ ကလေးတွေက မလိမ္မာတာတို့ ပျက်စီးလွယ်တာတို့ဆိုတာ မဆန်းပါဘူး။ နိုင်ငံကြီးလေ လူတွေက လှုပ်ရှားရလေ။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတော့ သားသမီးတွေကို အနီးကပ်မသွန်သင်နိုင်ကြတော့ဘူး။

ဒီနိုင်ငံကလူတွေက ကလေးယူရင် တစ်ယောက်နဲ့တစ်ယောက် ၁ နှစ်လောက်ပဲခြားယူကြတယ်။ ပြီးတော့ ယူတဲ့ကလေးကလည်း အနည်းဆုံး ၃ ယောက်။ ဆိုင်မှာဆို အမြဲတွေ့နေရတယ်။ ဈေးလာဝယ်ရင် ကလေးတစ်စီတစ်တန်းကြီးနဲ့။ နှစ်ယောက်လောက်က လမ်းလျှောက်တဲ့အရွယ်၊ နောက်တစ်ယောက်ကိုတော့ လက်ကဆွဲထားတယ်။ အငယ်ဆုံးတစ်ယောက်ကတော့ တွန်းလှည်းပေါ်မှာ။ အိမ်မှာကလည်း ကလေးကြည့်မယ့်လူမရှိတော့ ဈေးဝယ်ရင် အကုန်လုံးကိုခေါ်လာရရော။ သူတို့က ကလေးကို တစ်နှစ်လောက်ပဲခြားယူတာက ၃၊ ၄ ယောက်မွေးပြီးလို့ နောက်ဆုံးတစ်ယောက်က ကျောင်းသွားတဲ့အချိန်ရောက်ရင် အမေက အလုပ်ထွက်လုပ်လို့ရောက်ပြီလေ။ ကလေးတွေငယ်တဲ့အချိန်ဆိုတော့ ကလေးထိန်းမယ့်လူမရှိတော့ အမေက အလုပ်ထွက်လုပ်လို့မရလို့။ အဲဒါနဲ့ပဲ တစ်ခါတည်းပြီးအောင် ကလေးကို ၃၊ ၄ ယောက်လောက်ဆက်တိုက်ယူလိုက်ကြတယ်။ အငယ်ဆုံးကလေး ကျောင်းတက်တဲ့အရွယ်မရောက်မချင်းတော့ အမေက အဲဒီကလေးတွေကို အနီးကပ်ဆုံးမနိုင်တယ်။ အဲဒီနောက်ဆုံးကလေး ကျောင်းတက်ပြီဆိုတာနဲ့ အမေက အလုပ်ထွက်လုပ်တော့ အဲဒီအချိန်ကတည်းကစပြီးတော့ ကလေးတွေက အမေနဲ့ အနေဝေးသွားပြီ။ နောက် သူတို့တွေ ၁၈ နှစ်လည်းပြည့်ကြရော တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို အိမ်ကထွက်သွားကြရော။ မိဘနဲ့ နေရတဲ့အချိန်ကလည်း သိပ်မရှိ၊ အဲလိုနေရတဲ့အချိန်ကျတော့လည်း မိဘတွေက သားသမီးတွေကို အပြည့်အဝဂရုမစိုက်နိုင်နဲ့ ။. သြော်.. နိုင်ငံခြားဆိုတာကလည်း။