Winkabar

A lot of my thoughts...

မီးပျက်တဲ့ညတစ်ည

  • Posted: 4:44:00 AM
  • |
  • Author: Winkabar

မနေ့ကကျောင်းမှာ မီးပျက်သွားတယ်။ မိုးတွေတအားရွာတော့ မီးကြိုးတွေ ပျက်သွားလို့တဲ့။ ကျောင်းဆိုတော့ သူတို့က မီးစက်ခုတ်တော့ ခဏလေးပဲပျက်ပြီးတော့ ပြန်လာတယ်။ တချို့နေရာတွေကတော့ မှောင်နေတာပေါ့။ ဒီမနက်ကျတော့ အိမ်မှာ မီးပျက်သွားတယ်။ ဟာ..သွားပြီလို့ ဒီနေ့ကကျောင်းမသွားရတော့ တစ်နေကုန်အိမ်မှာ ဒီအတိုင်းပဲထိုင်နေရတော့မယ်ထင်နေတာ။ တော်သေးတယ် ခဏပဲပျက်ပြီးတော့ ပြန်လာတယ်။ ဒါပေမဲ့ ညနေဖက် ၄ နာရီလောက်ကျတော့ တစ်ခါထပ်ပျက်တယ်။ တစ်ညလုံးပျက်သွားတာ မနက်၎ နာရီလောက်မှပဲပြန်လာတော့တယ်။ ဒီမှာက မီးက သိပ်ပျက်လေ့မရှိတော့ မီးလည်းပျက်သွားရော အိမ်တိုင်းမှောင်မဲနေတာပဲ။ မီးမပျက်တာကြာတော့ မီးပျက်သွားတော့ နေလို့တော့ကောင်းတယ်။ အထူးအဆန်းလိုပဲ။ အရင်ရက်တွေဆို မီးလာတဲ့အချိန်တွေဆိုရင် လူတိုင်းလိုလိုက အိမ်ပြန်ရောက်ရင် တီဗွီကြည့် ကွန်ပျူတာလုပ်နဲ့ အားလုံးစုထိုင်ပြီးတော့ စကားပြောဖြစ်တာ တော်တော်ရှားတယ်။ အခု မီးပျက်သွားတော့ တီဗီလည်းကြည့်မရ ကွန်ပျူတာလည်း လုပ်မရဆိုတော့ ဘာမှလုပ်စရာမရှိသလိုဖြစ်သွားတယ်။ အဲတော့မှပဲ တစ်ယောက်နဲ့တစ်ယောက် သေချာစကားထိုင်ပြောဖြစ်ကြတယ်။ အဲဒါနဲ့ပဲ စဉ်းစားမိတာ။ အခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ လူတွေက မနက်ပိုင်းဆို ကလေးဆို ကျောင်းသွား၊ လူကြီးဆို အလုပ်သွားနဲ့ တစ်ယောက်နဲ့ မတွေ့မိကြဘူး။ အိမ်ပြန်လာတဲ့အချိန်ကျပြန်တော့လည်း ကွန်ပျူတာတွေ တီဗီတွေနဲ့ပဲ အဖော်လုပ်နေကြတယ်။ တီဗီကြည့်လို့ပြီး ကွန်ပျူတာလုပ်လို့ပြီးတဲ့အခါကျတော့ အိပ်ချိန်ရောက်ပြီ။ အဲဒီလို့နဲ့ပဲ တဖြည်းဖြည်းနဲ့တစ်ယောက်နဲ့တစ်ယောက် အနေဝေးလာပြီး စိမ်းလာကြတယ်။ ဘယ်သူကမှလည်း အချိန်သပ်သပ်ပေးပြီးတော့ စကားထိုင်မပြောနေကြတော့ဘူး.. သွန်သင်ဆုံးမမနေကြတော့ဘူး။ ဒီလိုနဲ့ ကလေးတွေက မိဘတွေရဲ့မျက်စိကွယ်ရာမှာနေရတဲ့အချိန်ကလည်းများ၊ မိဘတွေကလည်း အဲလိုကွယ်ရာကျရင် ဘယ်လိုဘယ်လိုနေဆိုပြီးတော့ မဆုံးထားဆိုတော့ နိုင်ငံခြားက ကလေးတွေ၊ နိုင်ငံခြားကို ရောက်လာကြတဲ့ ကလေးတွေက မလိမ္မာတာတို့ ပျက်စီးလွယ်တာတို့ဆိုတာ မဆန်းပါဘူး။ နိုင်ငံကြီးလေ လူတွေက လှုပ်ရှားရလေ။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတော့ သားသမီးတွေကို အနီးကပ်မသွန်သင်နိုင်ကြတော့ဘူး။

ဒီနိုင်ငံကလူတွေက ကလေးယူရင် တစ်ယောက်နဲ့တစ်ယောက် ၁ နှစ်လောက်ပဲခြားယူကြတယ်။ ပြီးတော့ ယူတဲ့ကလေးကလည်း အနည်းဆုံး ၃ ယောက်။ ဆိုင်မှာဆို အမြဲတွေ့နေရတယ်။ ဈေးလာဝယ်ရင် ကလေးတစ်စီတစ်တန်းကြီးနဲ့။ နှစ်ယောက်လောက်က လမ်းလျှောက်တဲ့အရွယ်၊ နောက်တစ်ယောက်ကိုတော့ လက်ကဆွဲထားတယ်။ အငယ်ဆုံးတစ်ယောက်ကတော့ တွန်းလှည်းပေါ်မှာ။ အိမ်မှာကလည်း ကလေးကြည့်မယ့်လူမရှိတော့ ဈေးဝယ်ရင် အကုန်လုံးကိုခေါ်လာရရော။ သူတို့က ကလေးကို တစ်နှစ်လောက်ပဲခြားယူတာက ၃၊ ၄ ယောက်မွေးပြီးလို့ နောက်ဆုံးတစ်ယောက်က ကျောင်းသွားတဲ့အချိန်ရောက်ရင် အမေက အလုပ်ထွက်လုပ်လို့ရောက်ပြီလေ။ ကလေးတွေငယ်တဲ့အချိန်ဆိုတော့ ကလေးထိန်းမယ့်လူမရှိတော့ အမေက အလုပ်ထွက်လုပ်လို့မရလို့။ အဲဒါနဲ့ပဲ တစ်ခါတည်းပြီးအောင် ကလေးကို ၃၊ ၄ ယောက်လောက်ဆက်တိုက်ယူလိုက်ကြတယ်။ အငယ်ဆုံးကလေး ကျောင်းတက်တဲ့အရွယ်မရောက်မချင်းတော့ အမေက အဲဒီကလေးတွေကို အနီးကပ်ဆုံးမနိုင်တယ်။ အဲဒီနောက်ဆုံးကလေး ကျောင်းတက်ပြီဆိုတာနဲ့ အမေက အလုပ်ထွက်လုပ်တော့ အဲဒီအချိန်ကတည်းကစပြီးတော့ ကလေးတွေက အမေနဲ့ အနေဝေးသွားပြီ။ နောက် သူတို့တွေ ၁၈ နှစ်လည်းပြည့်ကြရော တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို အိမ်ကထွက်သွားကြရော။ မိဘနဲ့ နေရတဲ့အချိန်ကလည်း သိပ်မရှိ၊ အဲလိုနေရတဲ့အချိန်ကျတော့လည်း မိဘတွေက သားသမီးတွေကို အပြည့်အဝဂရုမစိုက်နိုင်နဲ့ ။. သြော်.. နိုင်ငံခြားဆိုတာကလည်း။

4 people have left comments

Chaos said:

အော် ဒါလား နိုင်ငံခြား.....
မြန်မာပြည်မှာတော့ ပြောင်းပြန်ညီမလေးရ။
မီးလာတဲ့အချိန်မှ ကလေးတွေကပျော်၊ လူကြီးတွေလဲပျော်လို့ တီဗွီကြည့်လို့ရ၊ ကွန်ပျူတာ သုံးလို့ရတာလေ။
သြော်...ဒါလား မြန်မာပြည်။

Winkabar said:

chaos >> ဟုတ်တယ် ကျဲ့ရေ။ အဲဒါကြောင့်ပြောတာ လူ့အလို နတ်မလိုက်နိုင်ဆိုတာ။

su wai said:

အစ်မတို့သာ ဒီလိုပို့စ်မျိုး ရေးဖြစ်ရင် “မီးလာတဲ့ညတစ်ည”လို့ ခေါင်းစဉ်ပေးရမယ် ညီမလေးရေ… မီးလာတဲ့ညမှာ လျှပ်စစ်ကို သုံးမှ လုပ်လို့ဖြစ်မယ့် အလုပ်တွေကို ဘယ်လို ဇယ်စက်ပြီး လုပ်ကြရတယ် ဆိုတဲ့အကြောင်းပေါ့… ညီမလေးတွေးတာနဲ့ ပြောင်းပြန်တွေးရမယ်ဆိုရင် အစ်မတို့ကို အေးအေးဆေးဆေး စကားစမြည်ပြောပြီး နားနားနေနေ နေခွင့်ရအောင် မီးပျက်ညတွေ ဖန်တီးပေးနေတာ ထင်ရဲ့နော်…:D

Winkabar said:

su wai>> ဟုတ်ပါ့ မဆုဝေရေ။ အဲလိုသာဖြည့်တွေးလိုက်။ စိတ်ချမ်းသာသွားရော :D