Winkabar

A lot of my thoughts...

သူငယ်ချင်းတစ်ယောက်အကြောင်း

  • Posted: 3:50:00 PM
  • |
  • Author: Winkabar
  • |
  • Filed under: tag

သူငယ်ချင်း အကြောင်းပြောဖို့အစ်မမိုးချစ်သူက tag ထားတာကြာရောပေါ့။စာမေးပွဲရှိတယ်ဆိုပြီးရှောင်နေတာ။ :P ။

သူငယ်ချင်းတွေအားလုံးထဲမှာမှတ်မှတ်ရရနဲ့အကြာဆုံးတွဲဖြစ်တဲ့သူငယ်ချင်းတစ်ယောက်အကြောင်းကို
ပြောပြချင်ပါတယ်။ သူနဲ့ကငယ်ငယ်လေးကတည်းကတွဲလာတာပါ။သူငယ်တန်းကနေအခုထိပေါ့။ ငယ်ငယ်တုန်းကတော့ တစ်တန်းတည်းအတူတူဆိုပေမယ့်မခင်ခဲ့ပါဘူး။သူ့ဟာသူနေကိုယ့်ဟာကိုယ်နေ။ မျက်မှန်းတန်းမိရုံ လောက်ပါပဲ။ အလယ်တန်းရောက်တော့ တစ်ခန်းတည်းအတူတူတက်ရတယ်။ အဲဒီအတန်းထဲမှာက မိန်းကလေးက (၁၀) ယောက်ပဲရှိတယ်။ ဒီတော့အားလုံးနဲ့ပေါင်းဖြစ်သွားတယ်။ သူနဲ့တော့အရင်ဆုံးပေါင်းဖြစ်တာပါ။ သူက အရမ်းအေးတယ်။ ပြီးတော့ရိုးလည်းရိုးတယ်။ နှစ်ယောက်သားသဘောထားတိုက်ဆိုင်ကြတော့ တော်တော်လေးကိုခင်သွားပါတယ်။


နှစ်ယောက်စလုံးက တစ်ခုခုကိုဖြေရှင်းဖို့ဆိုရင်တော်တော်ကြောက်ကြတယ်။ ဒါပေမဲ့ကိုယ့်ပြဿနာမဟုတ်ရင်တော့ အေးဆေးပဲ။ လွယ်လွယ်ကူကူဖြေရှင်းနိုင်တယ်။ ဒီတော့သူ့ပြဿနာဆိုကိုယ်ကဖြေရှင်းပေးတယ်။ ကိုယ်ကအခက်အခဲရှိရင် သူကကူညီနဲ့။ ဟန်ကိုကျလို့။ စာမေးပွဲဆိုရင်စာအတူတူကျက်တယ်။ဒါပေမဲ့ဘယ်တော့မှမကျက်တဲ့ဘာသာက သမိုင်း။ သမိုင်းဆိုရင်ကျက်ကိုမကျက်ပဲ နှစ်ယောက်သား မေးခွန်းလိုက်တာ။ ဆရာမ၀ိုင်းတွေမှာတက်တဲ့လူတွေဆိုရင် မေးခွန်းကြိုသိတယ်လေ။ ဒီတော့သူတို့ကိုမေးပြီး အဲဒါပဲကျက်တယ်။ ပါတော့လည်းပါသားပဲ စာမေးပွဲမှာက။ နောက်တစ်ခေါက်စာမေးပွဲဖြေလည်းအဲလိုပဲ။ ဘယ်တော့မှကိုမကျက်ဘူး။ စာမေးပွဲဆိုရင် သူကအရမ်းကြောက်တာ။ မဖြေခင်ဆိုစိတ်ပူလိုက်တာ။ တစ်ခါတစ်လေကျတော့လည်းစိတ်အရမ်းပူတော့စာတွေမေ့ကုန်တယ်။ ဒီတော့သူ့ကိုမပူနဲ့ဆိုအမြဲပြောရတာပေါ့နော်။

ကျွန်မကျတော့သူနဲ့ပြောင်းပြန်။ စာမေးပွဲဆိုမပူပဲနဲ့ အောင်စာရင်းထွက်ခါနီး အမှတ်သိခါနီးဆိုအရမ်းစိတ်ပူတယ်။ အမှတ်မထွက်ခင်ဆို ကိုယ်ကြိုက်သလောက်မှန်းလို့ရတယ် ပြီးတော့ အမှတ်ကလည်းသတ်သတ်မှတ်မှတ်မရှိသေးဘူးလေ။ အကယ်၍ထွက်သွားရင်တော့ဒီအမှတ်ပဲရတော့မှာ။ ပြန်ပြင်လို့မရတော့ဘူးဆိုပြီး အသေကြောက်တာ။ သူကကျတော့ အဲဒီအချိန်ဆိုအေးဆေးပဲ။ ဆယ်တန်းတုန်းကဆိုပိုဆိုးတာပေါ့။ သူက စာမေးပွဲမဖြေခင်ပူတယ်။ အသေကုန်းကျက်တယ်။ ကျွန်မက အဲဒီအချိန်တုန်းကတော့ အေးဆေးပဲ။ ဖြေပြီးလို့အောင်စာရင်းထွက်မယ့်အချိန်ကျတော့ကိုယ်ကပူရပြီ။ သူကအေးဆေး။ ဖြစ်ချင်တော့အဲနှစ်က အောင်စာရင်းက ပုံမှန်အချိန်ထက်နောက်ကျပြီးမှထွက်တာ။ ဒုက္ခကိုရောက်ရောပဲ။ အမြဲပဲရင်တမမဖြစ်နေရတယ်။ တော်ပါသေးတယ်။ ထွက်တော့နှစ်ယောက်စလုံးကောင်းကောင်းအောင်ပါတယ်။ အောင်စာရင်းထွက်တဲ့နေ့တုန်းက အတူတူသွားကြည့်မယ်ပေါ့။ ဒါပေမဲ့သွားမကြည့်ဖြစ်ခဲ့ပါဘူး။

နောက်တစ်နေ့မနက်ကျမှပဲသူငယ်ချင်းတွေအားလုံးစုပြီးတော့အတူတူတစ်ခေါက်သွားကြည့်ကြတာပေါ့။ သူနဲ့ကျွန်မအေးဆေးဆုံဖြစ်တာ အဲဒီတစ်ခေါက်နောက်ဆုံးပဲ။ နောက်တော့ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်၊ သူလည်းသူ့ဟာသူရှုပ်နေတာနဲ့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ကြတော့ဘူး။ လာခါနီးတုန်းကတော့တစ်ခေါက်တွေ့တယ်။ တွေ့ရုံလေးပါပဲ။ သွားခါနီးဆိုတော့ ခဏလေးပဲတွေ့လိုက်ရတယ်။

တစ်ခါတစ်လေကျရင်တော်တော်ကိုသတိရတယ်။ အထူးသဖြင့်ကျောင်းတက်တဲ့အချိန်တွေဆိုရင်။ ငယ်ငယ်တုန်းကအတူတူတက်ခဲ့၊ သွားခဲ့၊ လာခဲ့တာတွေကိုတော်တော်သတိရတယ်။ သူက ကျွန်မအပေါ်မှာ အရာရာကိုသည်းခံပေးတယ် နားလည်ပေးတယ်။ အခက်အခဲရှိရင်လည်းအမြဲကူညီပေးတယ်။ သူ့ကြောင့်အားတွေအများကြီးရခဲ့ရတယ်။ အခြေအနေပေးလို့ရှိရင်တော့သူနဲ့အရင်ကအတိုင်းပဲအတူတူနေချင်ပါသေးတယ်။

3 people have left comments

Anonymous

Anonymous said:

ညီမလေး ရေ
ရေးပေးတဲ့အတွက်ကျေးဇူးပါနော်
ညီမလေး သူငယ်ချင်းတွေနဲ့ ဝေးသွားတော့
လွမ်းနေပြီပေါ့။
ညီမလေးကိုလည်း သူတို့ သတိယနေမှာပါ

nu-san said:

ဝင်္ကဘာရဲ့ သူငယ်ချင်းလေး အကြောင်းဖတ်သွားတယ်။ သူငယ်ချင်းကောင်းလေး ရထားတာ ကံကောင်းတာပေါ့ ညီမလေးရ.. အမလည်း သူငယ်ချင်းတွေနဲ့ ဝေးနေရလိမ့်မယ်လို့ တခါမှ မတွေးထားဖူးဘူး။ အခုဆို သူတို့ကို အရမ်းသတိရတာပဲ။

အိမ်ဝေးသူ said:

ဝင်္ကဘာရဲ့သူငယ်ချင်း အကြောင်းဖတ်သွားတယ်။
ရန်ခုန်သံ ထပ်တူကျတဲ့သူငယ်ချင်းဆိုတာ
ရှားရှားပါးပါးလေ
ဘ၀မှာတကယ်လည်း လိုအပ်တယ်နော်