Winkabar

A lot of my thoughts...

အချစ်ဆိုတာ

  • Posted: 9:05:00 PM
  • |
  • Author: Winkabar
  • |
  • Filed under: tag

အချစ်ဆိုတာ ခံစားချက်ကိုပြင်းထန်စေတဲ့ အရာတစ်ခုပါ။ လူတွေဟာ အချစ်ကိုစစချင်းတွေ့ရှိသွားတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ခံစားမှုအားလုံးကို အချစ်အပေါ်မှာပုံအပ်လိုက်ကြတယ်။ အချစ်က ပျော်စရာပေးရင် အစွမ်းကုန်ပျော်လိုက်တယ်။ အချစ်က ဝမ်းနည်းစရာတွေပေးလာပြန်ရင်လည်း အစွမ်းကုန်ဝမ်းနည်းလိုက်ကြတယ်။ အချစ်ကိုဦးစားပေးထားတဲ့ဒီလိုအချိန်မှာ ဘေးပတ်ဝန်းကျင်က ဘယ်လိုစကားတွေပဲပြောပြော ဘယ်လိုသတိပေးချက်တွေကိုပဲဆိုဆို လျစ်လျူရှူထားခဲ့ကြတယ်။ အချစ်က ကိုယ့်ကို လိမ်နေတာကို သိနေရင်တောင်မှ အမှန်တရားကို ဖုံးကွယ်ပြီး မုသားစကားတွေ အမှန်လို့တထစ်ချယုံကြည်ပြီးတော့ အချစ်ခေါ်ရာနောက်ကို တကောက်ကောက်ပါအောင်လိုက်လာခဲ့ကြတယ်။ ကိုယ်ရတဲ့အချစ်က အစစ် ဟုတ်လားမဟုတ်လားဆိုတာကို ဆန်းစစ်မှုမရှိပဲနဲ့ပေါ့။ အဲဒါကြောင့်လူတွေကပြောကြတယ် အချစ်မှာမျက်စိမရှိဘူးတဲ့။ ကံကောင်းတဲ့လူတွေကျတော့ အဲဒီလိုအချစ်က သူ့တို့အတွက် တစ်သက်တာအတွက် တကယ့်အချစ်စစ်ဖြစ်သွားပြီးတော့ တစ်ဘဝလုံးအားကိုးစရာဖြစ်သွားကြတယ်။ တစ်သက်လုံးအချစ်ကြောင့်ပျော်ရွှင်သွားကြရတယ်။ ကံမကောင်းတဲ့လူတွေကျပြန်တော့ သူတို့အဲဒီလို ယုံယုံကြည်ကြည်နဲ့ မျက်စိစုံမှိတ်ပြီးလိုက်လာတဲ့ခဲ့တဲ့အဲဒီအချစ်က တကယ့်အစစ်မဟုတ်ဘူးဆိုတာကို လမ်းရဲ့တစ်နေရာကိုရောက်တော့မှ သိလာကြတယ်။ အဲဒီလိုလည်းသိလာရော သူတို့ရဲ့ မျက်စိတွေပွင့်သွားတာပေါ့။ အမြင်တွေရှင်းသွားတော့ ရှေ့ဆက်ဖို့လမ်းကိုကြည့်လိုက်တော့ အဲဒီလမ်းက အပိတ်ခံလိုက်ရတာကိုတွေ့လိုက်ရတယ်။ ဒါနဲ့ပဲ မထူးပါဘူး။ နောက်ပြန်လှည့်မယ်ဆိုပြီးလှည့်လည်းကြည့်လိုက်ရော သူလာခဲ့တဲ့လမ်းက တော်တော် ခရီးရောက်နေပြီဆိုတာကိုတွေ့လိုက်ရတယ်။ အလာတုန်းကလည်း ဂရုမစိုက်မိပဲနဲ့ သူများလမ်းပြတဲ့နောက်ကိုလိုက်လာခဲ့တာဆိုတော့ အပြန်လမ်းကိုမမှတ်မိကြတော့ဘူး။ ဒီလိုနဲ့ပဲ ငါသူ့ကို ဘယ်လိုလုပ်များချစ်မိသွားပါလိမ့်။ ငါဘယ်လိုများဖြစ်ရတာပါလိမ့်။ ဒီလမ်းကို ငါဘာလို့များရွေးချယ်ခဲ့တာပါလဲ။ ဆိုတဲ့ မေးခွန်းတွေထွက်လာတော့တာပေါ့။ အဲလိုနဲ့ပဲ ရှေ့ဆက်လည်းတိုးလို့မရ၊ နောက်လည်းဆုတ်လို့မရတော့ပဲ လမ်းတစ်ဝက်မှာ ပိတ်မိနေတယ်။ ကိုယ်က ယုံကြည်ပြီး လျှောက်ခဲ့တဲ့လမ်းက တကယ့်တကယ် မရှိမှန်းလည်းသိလိုက်ရရော မျှော်လင့်ချက်တွေအားလုံးရိုက်ချိုးခံလိုက်ရသလိုဖြစ်သွားတယ်။ တော်ရုံတန်ရုံရှေ့ဆက်ဖို့အတွက် စဉ်းစားလို့မရကြတော့ဘူး။ အမြင်တွေဝေဝါးပြီး လမ်းပျောက်ကုန်ကြတယ်။ အဲဒီလိုခံစားရတာကို လူတွေက အသည်းကွဲတယ်လို့ တင်စားကြတယ်။ အသည်းကွဲတဲ့လူတွေထဲက တချို့က အချိန်အတိုင်းအတာတစ်ခုကြာလာတော့ အားစိုက်ပြီး ရှေ့ဆက်ဖို့လမ်းတစ်လမ်းကိုဖောက်လိုက်ကြတယ်။ ဒီအဖြစ်အပျက်ဆိုးကြီးကိုနောက်မှာထားခဲ့ပြီး ရှေ့ဆက်သွားဖို့ပေါ့။ တချို့ကျပြန်တော့လည်း ဘာကိုမှအားစိုက်ဖို့မစဉ်းစားကြတော့ပဲနဲ့ အချစ်ကပေးတာဆိုရင် ဒဏ်ရာပဲဖြစ်စေဦးတော့ သိမ်းထားမယ်ဆိုပြီး တစ်သက်လုံးအဲဒီဒဏ်ရာကိုမကုချင်တော့ သူပိတ်မိနေတဲ့လမ်းမှာပဲထိုင်နေကြရော။ ဒဏ်ရာကိုကြိုးစားကုပြီး လမ်းအသစ်ကို လျှောက်ကြတဲ့လူတွေအတွက် အပေါ်ယံကြည့်ရင်တော့သူ့စိတ်ထဲမှာ ဘာခံစားချက်မှမရှိတော့ဘူးပေါ့။ ဒါပေမဲ့ စိတ်ဒဏ်ရာဆိုတာ အချိန်တွေဘယ်လောက်ပဲကြာကြာ လုံးဝပျောက်သွားတာမျိုးမဟုတ်ပဲမသိစိတ်ရဲ့တစ်နေရာမှာ တပိုင်းတစလောက်ကျန်ခဲ့တတ်တာမျိုးဆိုတော့ သူ့အတွက်ရခဲ့တဲ့ အသည်းကွဲတယ်ဆိုတဲ့ ဒဏ်ရာက အစလေးနည်းနည်းကျန်နေခဲ့တာပေါ့။ ဒါကို သူရဲ့သိစိတ်က မသိနိုင်အောင် ဘယ်လောက်ပဲဖုံးထားဖုံးထား သူ့ရဲ့ မသိစိတ်ထဲမှာ ထင်ရှားနေတာဆိုတော့ အချစ်ဆိုတဲ့အရာကို အဲဒီလူက ကြောက်နေတတ်တယ်။ အချစ်နဲ့ထပ်တွေ့ရမှာ ဒီလိုဝေဒနာမျိုးထပ်ပြီးခံစားရမှာကို အလိုလိုနေရင်းကြောက်နေတတ်တယ်။ အဲဒါနဲ့ပဲ သူက သူ့ကိုလာပြီးပေးကြတဲ့နောက်ထပ်အချစ်အသစ်တွေကို သူအသည်းကွဲမခံချင်တော့တဲ့အတွက် လျစ်လျူရှူထားလိုက်တယ်။ ဒါပေမဲ့ အဲဒီလူမသိလိုက်တာက သူ့အသည်းမကွဲချင်လို့ရှောင်လိုက်တာကြောင့် သူများတွေရဲ့အသည်းတွေကို သူမသိမသာနဲ့ခွဲလိုက်မိတယ်ဆိုတာကိုပဲ။ အသည်းကွဲသွားပြီး အချစ်အသစ်ထပ်မရှာချင်ကြတဲ့လူတွေထဲမှာ တချို့ကျတော့ တစ်သက်လုံးအိမ်ထောင်မပြုပဲ တစ်ယောက်တည်းပဲနေသွားကြတယ်။ တချို့ကျပြန်တော့လည်း တစ်သက်လုံးတစ်ယောက်တည်းမနေချင်တာနဲ့ အချစ်မရလည်း အဖော်ရအောင်လို့ အိမ်ထောင်ပြုလိုက်ကြတယ်။ သူတို့သားသမီးတွေရလာတဲ့အခါကျတော့ သူတို့ရဲ့ သားတွေသမီးတွေကို သူတို့ခံခဲ့ရသလို မခံစားစေချင်ကြဘူး။ ဒါနဲ့ပဲ အဲဒီသားသမီးတွေ အရွယ်ရောက်လာတဲ့အခါ သားသမီးတွေကို ထိခိုက်မှာစိုးတဲ့ဆန္ဒကြောင့် လိုအပ်တာထက်ပိုပြီးတော့ ချုယ်ချယ် တားမြစ်ကြတယ်။ ယောက်ျားလေးသူငယ်ချင်းမထားရဘူးတို့ မိဘမပါပဲအပြင်သွားမလည်ရဘူးတို့။ အဲဒီလိုတားမြစ်ခံရတဲ့သားသမီးတွေရဲ့ စိတ်ထဲမှာ ငါတို့ကိုမိဘတွေက တအားချုယ်ချယ်တယ် ယုံလည်းမယုံကြည်ကြဘူး။ အဲလောက်တောင် မယုံတာ ငါတို့ကလည်း လုပ်ပြဦးမယ်ဆိုတဲ့အတွေးမျိုးတွေ စိတ်ထဲကနေ မသိမသာပေါ်လာတတ်တယ်။ ဒီလိုနဲ့ပဲ မိဘရှေ့ကျတော့ စကားနားထောင်ပြီးတော့ ကွယ်ရာကျတော့ တားမြစ်ထားတဲ့ ကိစ္စမှန်သမျှကို လုပ်လာကြတယ်။ ဒီလိုနဲ့ပဲ သူတို့မိဘတွေ စိတ်ပူတဲ့ ကိစ္စတွေလည်းဖြစ်လာရော မိဘစကားကို နားမထောင်မိပဲ ငါတို့လုပ်မိတာ မှားပြီဆိုပြီး နောင်တရကြသွားကြရော။ အဲ အဆင်ပြေသွားတဲ့ သားသမီးတွေကျပြန်တော့ အချိန်တန်လို့ မိဘတွေကို ဖွင့်ပြောပြတဲ့အချိန်မှာ မိဘတွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ သူတို့သားသမီးကို သူတို့ သဘောတူတဲ့လူနဲ့ပဲ ယူစေချင်တာကိုး။ သားသမီးတွေဖက်ကလည်း မိဘပေးစားတာကိုမလိုချင်၊ မိဘတွေကလည်း သူတို့သဘောတူတဲ့လူနဲ့ပဲ ယူစေချင်.. အဲဒီလိုနဲ့ ခိုးပြေးကြတယ်။ ဒီလိုနဲ့ ပဲသံသရာလည်နေရာ။ တကယ်တော့ အချစ်ဆိုတာ ဘဝရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းမဟုတ်ပေမဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ နေရာယူထားတဲ့အရာတစ်ခုပါပဲ။

မခွန်မြလှိုင် tag ထားတဲ့ အချစ်ဆိုတာပါ။ အချစ်ဆိုတဲ့ အဓိပ္ပာယ်ရဲ့ တစ်ပိုင်းတစ်စပေါ့။ အချစ်ဆိုတဲ့အရာကို ပြောရင် ပြောလို့မကုန်နိုင်ဘူးတဲ့။ အဲတော့ ဒီအချစ်အကြောင်းကို ဆက်ပြောဖို့ နောက်နှစ်ယောက်ကို ထပ် tag ချင်ပါတယ်။ သူတို့ကတော့ ပျောက်နေတာကြာပြီ။ tag လိုက်ရင်တော့ ထွက်လာမယ်ထင်ရတာပဲ။

မေပျို နဲ့ နှံကောင် တို့ပါ။ ကဲ tag လိုက်ပြီ။ အားတဲ့အခါ ရေးပေးပေါ့နော်။

7 people have left comments

Z said:

ကြည့်စမ်း ဒီကောင်မလေး...အချစ်တွေဘာတွေလုပ်နေပါလား။ ဟွန်းးးးး။ :D

Chaos said:

အချစ်ဟာ အရေးအကြီးဆုံး မဟုတ်ပေမယ့်
အရေးကြီးတဲ့ ကဏ္ဏမှာ ပါတယ်ဆိုရင်တောင်
ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကလဲ အရေးကြီးသေးတယ်နော် ကောင်မလေးရေ။
မေး ပျော်နေရင် ကျဲ ကျေနပ်ပါတယ်။

နရစိုး said:

အင်း.. ငါ့ကို မ tag ဘူးလား..
:P

Unknown said:

အချစ် ကို ဒီ လောက် ကြီး ရှင်း ပြ ထား တာ တော် တော် ကို ရှင်း ပါ တယ်။ ကျေး ဇူး ပါ ဘဲ။

Anonymous

Anonymous said:

people have been granted a chance to choose their destiny since the day they were born.... don't have to hand it over to anyone or anything...

i think there is always a way to mend mistakes, don't you think so too?

Anonymous

Anonymous said:

ပိစိလည်း အချစ်အကြောင်း တော်တော်သိတာပဲ.. ဘယ်တုံးကသိသွားတာလဲ.. ဟဲဟဲ

ငြိမ်းချမ်းအောင်

Unknown said:

အချစ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဝေဖန်ဖို့ စောပါသေးတယ်....